မေရည်ငြိမ်းချမ်း — တပ်မတော်နှင့် ရခိုင်တပ်(AA) ပလက်ဝမြို့နယ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ၊ ပလက်ဝမြို့ရှိ ကျေးရွာများနှင့် မြို့ပေါ်ရှိ ဒေသခံများမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် မန္တလေးတိုင်းဒေသကြီးဘက်သို့ ပြောင်းရွှေ့မှုများ ရှိလာကြောင်း မြို့မရပ်ကွက်တွင် နေထိုင်သူ၊ ပလက်ဝမြို့နယ် စားနပ်ရိက္ခာ သယ်ယူရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိန်ထွန်းလှက ပြောသည်။
“ပလက်ဝမြို့ပေါ်မှာ တစ်စတစ်စနဲ့ လူတွေက ဆမီးတို့ ၊ မတူပီ၊ မင်းတပ်၊ ပခုက္ကူဘက်ကနေ ပြည်မဘက်ကို သွားကုန်ကြပြီ။ ပြည်မ ဆင်းသွားကြပြီ။ အခုဆိုရင် ကြာသပတေးနေ့အထိ လက်မှတ်က ကုန်နေပြီ။ ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ပခုက္ကူကို ကားလက်မှတ်က ၆သောင်း။ တဖြည်းဖြည်း လူတွေက ပြောင်းရွှေ့ကုန်ပြီ” ဟု ဦးစိန်ထွန်းလှက ပြောသည်။
ပလက်ဝမြို့ပေါ်တွင် စားနပ်ရိက္ခာပြတ်လပ်နေသည်မှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကတည်းက ဖြစ်သည်။ လက်ရှိတွင် ပလက်ဝမြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများတွင် စားနပ်ရိက္ခာပြတ်လပ်ခြင်းအပြင် တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် မြို့ပေါ်ရပ်ကွက်များ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း ဦးစိန်ထွန်းလှက ဆိုသည်။
မြို့ပေါ် ရပ်ကွက် ၄ ခုမှာ မတ်လ ၁၅ရက်နေ့က စကာ ရွှေ့ပြောင်းမှုများ ပြုလုပ်ခြင်း ဖြစ်ပြီး မြို့မရပ်ကွက်တစ်ခုတည်းတွင်ပင် အိမ်ထောင်စု ၄၀ နီးပါးခန့် ရွှေ့ပြောင်းနေပြီ ဖြစ်ကြောင်း ဦးစိန်ထွန်းလှထံမှသိရသည်။
ကုလားတန်စီမံကိန်းအတွက် မတူပီမြို့မှ ပလက်ဝမြို့သို့ ပေးပို့သည့် ဒီဇယ်နှင့် အောက်တိန်းများ တင်ဆောင်လာသည့် ၁၂ဘီး ကားတစ်စီး မိုင်တိုင် ၁၁၉နှင့် ၁၂၀ကြားတွင် ဖေဖော်ဝါရီ ၂၉ရက်က လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခု၏ ပစ်ခတ်ဖျက်ဆီးခြင်း ခံခဲ့ရသည်။
ထို့ကြောင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများ စုပေါင်းလှူဒါန်းထားသည့် ဆန်အိတ် ၆၀၀ကျော်မှာ ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်များထံ မပေးပို့နိုင်ဘဲ ၄၂မိုင်ကွာဝေးသည့် ဆမီးမြို့တွင် သောင်တင်နေသည်မှာ မတ်လ ၁ရက်မှ ယနေ့အထိ ဖြစ်သည်။
ပလက်ဝမြို့ပေါ် ၄ရပ်ကွက်နှင့် အနီးဝန်းကျင်ရွာများအတွက် လျာထားသည့် ဆမီးမြို့ရှိ ဆန်အိတ် ၆၀၀ကျော်သည်လည်း လက်ရှိတွင် ဆမီးမြို့သို့ ရောက်ရှိနေသည့် တိုက်ပွဲရှောင်များအတွက် ရည်ရွယ်ထားပြီဖြစ်၍ ဆန်အိတ်များကို ဆမီးမြို့က ပြန်ယူခြင်းထက် ပလက်ဝ-ကျောက်တော်လမ်းက သယ်ယူရန် သင့်တော်ကြောင်း ဦးစိန်ထွန်းလှက ဆိုသည်။
မြို့ပေါ် ရှိ ကျန် ရပ်ကွက်များမှ ဒေသခံများအတွက် ပလက်ဝမြို့နယ် စားနပ်ရိက္ခာသယ်ယူရေးကော်မတီက ဆက်လက် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ဦးစိန်ထွန်းလှက ပြောသည်။
အလှူရှင်များက လှူဒါန်းလိုကြောင်း ဖုန်းဆက်ပြောကြားခြင်းများ ရှိသော်လည်း ဝယ်ယူ၍ မရသည့် အခြေအနေ ဖြစ်ကာ ပလက်ဝ-ကျောက်တော်လမ်းကို အစိုးရက ဖွင့်ပေးမည်ဆိုပါက ရိက္ခာသယ်ယူနိုင်မည်ဖြစ်ကြောင်း ဦးစိန်ထွန်းလှက ဆိုသည်။
“ကျောက်တော်ဘက်ကနေသယ်ဖို့လုပ်နေတယ်။ ကျောက်တော်-ပလက်ဝ ကားလမ်းက နယ်မြေအေးချမ်းရင်တော့သယ်လို့ရတယ်။ ကျောက်တော်နဲ့ ပလက်ဝကို ကားနဲ့ တစ်နာရီခွဲနှစ်နာရီ မောင်းရတယ်။ လမ်းခရီးနယ်မြေ အေးချမ်းရင်တော့ တကယ်လို့များ အစိုးရက ရက်သတ်မှတ်ပြီး တစ်ပတ်လောက်ဖြစ်ဖြစ်ဖွင့်ပေးရင် ကောင်းမယ်” ဟု ဦးစိန်ထွန်းလှက ပြောသည်။
လက်ရှိတွင် ပလက်ဝမြို့နယ်တွင် အင်တာနက်လိုင်းများပြတ်တောက်နေပြီး ဖုန်းလိုင်းပါ ပြတ်ချိန်များလည်း ရှိ၍ စိုးရိမ်ပူပန်ရကြောင်း ဦးစိန်ထွန်းလှက ပြောသည်။
ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေးပြတ်တောက်ပြီး စားနပ်ရိက္ခာ သယ်ယူရေးလုပ်ဆောင်၍ မရသည့် အခြေအနေများကြောင့် မတ်လ ၁၀ ရက်က ပလက်ဝမြို့ရှိ ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ စုပေါင်းကာ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ ချင်းနှင့် ရခိုင်လူမျိုးများ ပါဝင်သည့် ပြည်သူလူထုအားဖြင့် စားနပ်ရိက္ခာ သယ်ယူကြရမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချ ဆောင်ရွက်ခဲ့သော်လည်း ယနေ့အထိ ဆန်သယ်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။







