ကုလညီလာခံဖွင့်ပွဲသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ကုလညီလာခံဖွင့်ပွဲသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာ အမြဲတမ်း ကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၈ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပိတ်ပွဲအခမ်းအနားနှင့် ၈၁ ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနား တို့ကို ဆက်လက်ကျင်းပခဲ့ခြင်း ဖြစ်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၈၀ ကြိမ်မြောက် အထွေထွေ ညီလာခံ ကာလအတွင်း မျက်နှာစုံညီ အစည်းအဝေးများနှင့် ကုလသမဂ္ဂ၏ ပင်မကော်မတီ ၆ ခုတို့၏ အစည်း အဝေးများသို့ တက်ရောက်၍ မိန့်ခွန်းများ ပြောကြားခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးဖွင့်အစည်းအဝေးများ အပါအဝင် ဆက်စပ်အစည်းအဝေးများ တွင်လည်း တက်ရောက်ကာ ၈၀ ကြိမ်မြောက် အထွေထွေညီလာခံကာလ တစ်လျှောက် မိန့်ခွန်းပေါင်း ၈၀ ကျော် ပြောကြားခဲ့ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ဖော်ပြသည်။

အဆိုပါ မိန့်ခွန်းများတွင် သက်ဆိုင်ရာ ဘာသာရပ်များကို ဆွေးနွေးပြောကြားခြင်းအပြင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများ၊ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုတပ်က ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက် ကြမ်းကြုတ်မှုများ၊ ကြီးလေးသည့် ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်သည့် လုပ်ရပ်များနှင့် နိုင်ငံတကာ ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ကင်းလွတ်နေမှုများကို အလေးထား ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဆင်းရဲဒုက္ခများကို နိုင်ငံတကာအသိုက်အဝန်း သိရှိစေရန် မိန့်ခွန်းများမှတစ်ဆင့် တင်ပြခဲ့ကြောင်း အမြဲတမ်းကိုယ်စားလှယ်ရုံး ထုတ်ပြန်ချက်အရ သိရသည်။

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေး ဒီမိုကရေစီအင်အားစုများ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် မိတ်ဖက် ဒီမိုကရေစီအင်အားစုများက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (SCEF) အောက်တွင် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေမှုများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များ၏ အရည်အချင်း အာဏာနှင့် ကိုယ်စားပြုခွင့်များကို စိစစ်သုံးသပ်မည့် Credentials Committee ကိုလည်း စက်တင်ဘာလ ၈ ရက်တွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီတွင် ဘဟားမားစ်၊ ဘယ်လ်ဂျီယံ၊ ဘီနင်၊ တရုတ်၊ ဂျမေကာ၊ ရုရှား၊ ဗန်နွာတူ၊ ယူဂန်ဒါနှင့် အမေရိကန်နိုင်ငံတို့ ပါဝင်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ခဲ့သူဖြစ်ကာ လက်ရှိအချိန်အထိ ၅ နှစ်ကျော်ကြာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်၏ တိုက်ခိုက်သတ်ဖြတ်မှုများနှင့် ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို နိုင်ငံတကာသို့ အသိပေးရာတွင် ဦးကျော်မိုးထွန်း၏ မိန့်ခွန်းများ သည် အရေးပါသည့် နိုင်ငံတကာအသံတစ်ခု အဖြစ် တည်ရှိနေသည်။

ထို့ကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ဆက်လက်ကိုယ်စားပြုခွင့် ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ မြန်မာများက လှုပ်ရှားမှုများ ပြုလုပ်လာကြသည်။

“Our Ambassador – Our Voice” လှုပ်ရှားမှုမှတစ်ဆင့် ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေး ထောက်ခံကြောင်း ပြသရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားပြီး လှုပ်ရှားမှုတွင် ပါဝင်လိုသူများ အနေဖြင့် သတ်မှတ်ထားသည့် အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ပါဝင်နိုင်ကြောင်း အသိပေးထားသည်။

September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...
ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
September 8, 2026
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...