ပလက်ဝရှိ ကျေးရွာအချို့ တိုက်ပွဲများ ပြင်းထန်၊ ဒေသခံ ထောင်ချီ ထွက်ပြေး

ပလက်ဝရှိ ကျေးရွာအချို့ တိုက်ပွဲများ ပြင်းထန်၊ ဒေသခံ ထောင်ချီ ထွက်ပြေး

မေရည်ငြိမ်းချမ်း — ချင်းပြည်နယ် ပလက်ဝမြို့နယ် ကျေးရွာအချို့တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဒေသခံ ထောင်ချီပြီး ထွက်ပြေး တိမ်းရှောင်နေရကြောင်း ထွက်ပြေးတိမ်းရှောင်နေရသူ ဝက်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်စံသာ ကပြောသည်။

“ကျွန်တော်တို့ အခု ပြေးနေပါတယ် ခင်ဗျ။ လူ ၂ထောင်ကျော်လောက် ပါပါတယ်။ ပြေးနေတုန်းပါ။ ဆမီးမြို့ဘက်ကို ပြေးနေတာပါ” ဟု ဦးမောင်စံသာက ဆိုသည်။

ဝက်မကျေးရွာအုပ်စုရှိ  မိတ်စာဝ(၂)နှင့် မိတ်စာဝ(၃)တို့တွင် မတ်လ ၁၄ရက် နံနက်ပိုင်းက  တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(AA) တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရွာ နှစ်ခုပေါင်း အိမ်ခြေ ၁၀၀ကျော်မှ ဒေသခံများ မီးစာဝ(၁) ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ အလားတူပင် ပြိုင်တိန်ကျေးရွာကလည်း မီးဇာဝ(၁)သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

မတ်လ ၁၅ရက်ညနေပိုင်း၊ မတ်လ ၁၆ရက်များတွင် မီးစာဝ (၁)နှင့် အနီးရှိ ရွာများတွင်ပါ တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ကျေးရွာအားလုံး စုပေါင်းလျက် ဆမီးမြို့ဘက်သို့ ထွက်ပြေးလာခြင်း ဖြစ်သည်။

လက်ရှိတွင် ကျေးရွာများမှ ထွက်ပြေးလာသူအချို့ကို ဆမီးမြို့ လိပ်ကုန်း အလက(၂) တွင် နေရာပေးထားကြောင်း သိရသည်။

 မတ်လ ၁၄ ရက်က စတင်ကာ ဒေသခံများ ပြောင်းရွှေ့ခဲ့ရာ လက်ရှိအချိန်အထိ ဆမီးမြို့သို့ ထွက်ပြေးလာသူများ ဆက်လက် ရောက်ရှိနေဆဲ ဖြစ်သည်။

“အခု ရောက်တာကတော့ ၃၀၊ ၄၀လောက် ပဲရှိဦးမယ်။ အခု လာနေတုန်းပဲ၊ မြို့ပေါ်က လာတာ မဟုတ်ဘူး။ ရွာတွေကနေ ပြေးလာကြတာ။ အုပ်စုကျေးရွာတွေက ပြေးလာကြတာ။ ဝက်မရယ်၊ ပြိုင်တိန်ရယ်၊ မိတ်စာ ၁၊၂၊၃  ဝင်မြင့် တောင် အရှေ့ အနောက် တာ၀ ၊  စားမြိတ် ၊  ပြန်တောင် ၁၀ရွာလောက်ရှိတယ်” ဟုဆမီးမြို့နယ် အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ ဦးပြိုင်စီက ဆိုသည်။

ဆမီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝါဘေးရိတာကလည်း ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများက အလက(၂) အပါအဝင် ဘာသာရေးအဆောက်အအုံများတွင် တိုက်ပွဲရှောင်စခန်းများ ဖွင့်လှစ်ပေး၊ လက်ခံပေးလျက်ရှိကြောင်း မဇ္ဈိမသို့ ဖြေကြားထားသည်။

လက်ရှိအချိန်အထိ လူဦးရေ ၆၀ ခန့် အလက(၂) လိပ်ကုန်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး နေထိုင်ရေးနှင့် စားသောက်ရေး စီစဉ်ပေးလျက်ရှိကြောင်း ဦးဝါဘေးရိတာက ဆိုသည်။

May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...