စိုင်းဦး — ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဧပြီလ နောက်ပိုင်းမှ ကျင်းပမည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက မဇ္ဈိမသို့ ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ အစည်းအဝေးကို ယခုနှစ် ဧပြီလအတွင်း အစိုးရ၊ တပ် မတော်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ(NCA-S EAOs)တို့မှ ထိပ်သီး ခေါင်းဆောင်များ ပါဝင်သည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)က ကျင်းပ ရန် ဆုံးဖြတ်ထားပြီး ထိုညီလာခံ မတိုင်မီ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန် RCSS/ SSA က စီစဉ်နေကြောင်း သိရသည်။
သို့သော် ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် စိုးရိမ်သည့်အတွက် မူလ စီစဉ်ခဲ့သော မတ်လ အတွင်းမှာ မကျင်းပနိုင်တော့ဘဲ ဧပြီလနောက်ပိုင်းမှ ကျင်းပရန် ပြန်လည် စဉ်းစားခဲ့ခြင်း ဖြစ်ကြောင်း RCSS/SSA ဘက် ဆိုသည်။
RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက“မတ်လထဲမှာ ကျင်းပဖို့ လျာထားတယ် ခုဗိုင်းရပ်စ်ကလည်း ဖြစ်နေတော့ ဧပြီနောက်ပိုင်းမှ ကျင်းပဖို့ ရက်ရွေ့ လိုက်တယ်။ ရက်ကိုတော့ မသတ်မှတ်ရသေးဘူး”ဟု ပြော သည်။
COVID-19 ဗိုင်းရပ်စ်ကြောင့် အစိုးရက ဧပြီလကုန်အထိ လူစုလူဝေး မလုပ်ရန် ထုတ်ပြန်ထားပြီး ရက် ၅၀ အထိ ဘာမှလုပ်၍ မရသေးကြောင်း၊ အမျိုးသားအဆင့် ဆွေးနွေးပွဲမှာ ပေါတိပေါဆလုပ်၍ မရကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောသည်။
“ရက် ၄၀ ၊ရက် ၅၀ လောက်ကတော့ ဘာမှလုပ်လို့ မရတော့ဘူးပေါ့။ အခုက စွန့်စားပြီး လုပ်လို့လည်း မဖြစ်ဘူး လေ၊ စွန့်စားပြီး လုပ်လို့ရှိရင် ရောဂါက ဖြစ်ပြီဟေ့ဆိုရင် အကုန်လုံး မထိန်းနိုင် မသိမ်းနိုင် ဖြစ်ကုန်မှာပေါ့။ လုပ်မှာက ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးလေ၊ ပြောရမယ်ဆို မြင့်တယ်လေ၊ မြင့်တယ်ဆိုတော့ ပေါတိပေါဆ လုပ်သွားလို့ မရဘူးလေ”ဟု ၎င်းက ပြောသည်။
လတ်တလော ဖြစ်ပွားနေသည့် COVID-19 ရောဂါသည် လူစုလူဝေး များပြားရာ နေရာများတွင် လျှင်မြန်စွာ ကူးစက်နိုင်သောကြောင့် သင်္ကြန် ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ် ကျင်းပခြင်း အပါအဝင် လူစုလူဝေး ပွဲလမ်းသဘင်များကို မတ်လ ၁၃ ရက်မှ ဧပြီလကုန်အထိ ရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနများ ကို ညွန်ကြားထားကြောင်း ၂၀၂၀ ခုနှစ်၊မတ်လ ၁၃ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပခွင့် မရဘဲ ရပ်တန့်နေသည့် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည် နယ်ကို နေရာပြောင်း ကျင်းပရန် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသော အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးတွင် ၂၀၂၀ ခုနှစ်၊ မတ်လ ၁၂ ရက်က သဘောတူညီခဲ့ကြသည်ဟု သိရသည်။
အဆိုပါ UPDJC အစည်းအဝေးတွင် သဘောတူ ထားသည့်အတိုင်း ရှမ်းနှင့် ရခိုင် လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လင်းခေးနှင့်ရန်ကုန်မှာ ကျင်းပရန် သဘောတူခဲ့ကြသည်ဟု ဆိုသည်။
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဧပြီနောက်ပိုင်းတွင် ကျင်းပမည် ဖြစ်သော်လည်း ရက်အတိအကျ မသိရသေးဘဲ ကျင်းပရေး ကော်မတီနှင့် ပြန်ဆွေးနွေးရမည်ဟု (RCSS/SSA) ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက ဆိုသည်။
NCA အရ လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များသည် လူမျိုး အလိုက် အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပခွင့်ရှိသည်။
လက်ရှိတွင် NCA လက်မှတ်ထိုး ၁၀ ဖွဲ့ အနက် ကရင်၊ ချင်း၊ ပအိုဝ်း၊ မွန် လက်နက်ကိုင်အဖွဲ့များက လူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီး ဖြစ်သော်လည်း ရခိုင်နှင့်ရှမ်း လက်နက်ကိုင်များ မှာမူ ယနေ့ချိန်ထိ အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်သေးဘဲ ဖြစ်နေသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်ဖွဲ့ (DKBA)၊ ကရင် အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့-ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA- PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ လက်မှတ်ထိုးထားကြသည်။







