တနင်္သာရီတိုင်းအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရန် စတင်ဆွေးနွေးနေ

တနင်္သာရီတိုင်းအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရန် စတင်ဆွေးနွေးနေ
by -
မဇ္ဈိမ
တနင်္သာရီတိုင်းအတွင်း မြေမြှုပ်မိုင်းအန္တရာယ် ရှင်းလင်းရေးနှင့် ပတ်သက်ပြီး စတင်ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်ဟု တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC- S) အဖွဲ့ဝင် ဗိုလ်မှူးကြီးဇော်လွင်က ပြောဆိုခဲ့သည်။

“ပြီးခဲ့တဲ့ JMC(S) ဆွေးနွေးပွဲမှာ စပြီးဆွေးနွေးနေပြီ၊  မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆက်လက်ဆောင်ရွက် သွားမလဲဆိုတာကို ဆွေးနွေးနေပြီ” ဟု ဗိုလ်မှူးကြီး ဇော်လွင်က ဆိုသည်။

တနင်္သာရီတိုင်းအတွင်း မိုင်းအန္တရာယ်နှင့်ပတ်သက်ပြီး သိပ်မရှိနိုင်သော်လည်း နှစ်ဘက်တပ်စခန်း ပတ်ဝန်းကျင်များတွင် မြေမြှုပ်မိုင်းများ ရှိနေနိုင်သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၄ မှ စခန်းများ အခြေစိုက်ထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အခန်း(၃) ပုဒ်မခွဲ(င)တွင် နှစ်ဖက်တပ်များ ခင်းကျင်းထားသည့် မိုင်းများကို ရှင်းလင်းရန်နှင့်  မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို အစိုးရနှင့်ညှိနှိုင်းပြီး လုပ်ဆောင်သွားရန်ဟု ထည့်သွင်းဖော်ပြထားသည်။

ကရင်ပြည်နယ်အတွင်း၌လည်း  မိုင်းရှင်းလင်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်မှုများ ပြုလုပ်နေကာ ရှင်းလင်းရေးလုပ် ငန်းစဉ်များကို နှစ်ဖက်တပ်ဖွဲ့များက မိမိအစီအစဉ်ဖြင့် မိမိ တာဝန်ယူ ဆောင်ရွက်နေပြီ ဖြစ်သည်ဟု ကရင်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က  ဇန်နဝါရီလ ၂၃ ရက်နေ့က ဘားအံမြို့တွင် ကျင်းပသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် ပြောဆိုထားသည်။

“တနင်္သာရီတိုင်းထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ကရင်နဲ့ မွန်၊ မိုင်းအဟောင်းတွေက တနင်္သာရီ တိုင်းထဲမှာ မြိတ်တို့ ထားဝယ်တို့ ကော့သောင်းတို့ရဲ့ အရှေ့ဘက်ခြမ်းမှာ နယ်စပ်မှာ ကျန်နေသေးတယ်။ ရွာသစ်တွေ တည်ဆောက်တဲ့နေရာမှာ မိုင်းလက်ကျန်တွေ ရှင်းဖို့လိုမယ်” ဟု ငြိမ်းချမ်းမြန်မာကူညီ ထောက်ပံ့ရေး ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ကိုသန့်စင်က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်၊ ထားဝယ်၊ ကော့သောင်းမြို့များ၏ အရှေ့ဘက်ခြမ်း နယ်စပ်ဒေသများတွင် မိုင်းဟောင်းလက်ကျန်များ ရှိနေနိုင်ပြီး ဘုတ်ပြင်း၊ တနင်္သာရီ၊သရက်ချောင်းနှင့် ရေဖြူမြို့နယ်များတွင် လက်ကျန်မိုင်းများ ရှိနေကြောင်း ၂၀၁၆ ခုနှစ်က ထုတ်ဝေခဲ့သည့် Burma News International (BNI)၏ စစ်တမ်းများတွင် ဖော်ပြထားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...