ရှမ်းမြောက် တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် ထွက်ပြေး

ရှမ်းမြောက် တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် ထွက်ပြေး

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာအုပ်စုတွင် မတ်လ ၁၀ ရက်နေ့ က တပ်မတော်နှင့် TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)တိုက်ပွဲကြောင့် ဒေသခံ တစ်ရာကျော် စစ်ဘေးရှောင်လာကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူ လွယ်ဆာကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“ရွှေညောင်ပင်နဲ့ ဆိုင်းလိန်ရွာ ၂ ရွာပေါ့နော်။ စစ်ရှောင်လာတဲ့ သူက ၁၂၅ ယောက်ရှိတယ်။ အခု နေရာချထားပေးတာက ဒီ လွယ်ဆာရွာဦးကျောင်းမှာပေါ့” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ လွယ်ဆာကျေးရွာနေ မိုင်းစိုးမိုးသိန်းကပြောသည်။

ရွှေညောင်ပင်ကျေးရွာ အရှေ့မြောက်ဖက်တွင် တိုက်ပွဲသံများ ကြားရသဖြင့် ဒေသခံများကြောက်လန့် ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု ဆိုသည်။လက်ရှိတွင် စစ်ဘေးရှောင်များ၏ နေထိုင်စားသောက်ရေးကို ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များက ကူညီ လုပ်ဆောင်ပေးနေသည်ဟု မိုင်းစိုးမိုးသိန်း က ပြောသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “မနေ့က ကျောက်မဲမြို့နယ် မိုင်လုံမြို့နယ်ခွဲထဲက ရွှေညောင်ပင်နဲ့ တံတေးရွာကြားမှာ ဖြစ်တယ်။ ထိုးစစ်တွေ တအားများတော့ ကျနော်တို့က ပြောရမယ်ဆိုရင်တော့ ကျနော်တို့ လှုပ်ရှားတဲ့ နေရာဒေသမရွေး တိုက်ပွဲဖြစ်နိုင်တဲ့ နေရာတွေ အကုန်လုံး ဖြစ်နေတယ်။ တောက်လျှောက် သူတို့က လိုက်တယ်။ ကျနော်တို့နဲ့ ထပ်ချပ်မကွာ၊ မနေ့ကလည်း ဒီအတိုင်းပဲ။ ကျနော်တို့က တောထဲမှာ ရှိနေတဲ့အချိန် သူတို့ကလည်း ထိုးစစ် တက်လာတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်သွားတာ ဖြစ်တယ်”ဟု ပြောသည်။

စစ်ဘေးရှောင်လာကြသူများမှာ မိုးမိတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာအုပ်စု ရွှေညောင်ပင်ကျေးရွာ ဒေသခံများနှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာ ဒေသခံများဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက် ပိုင်း လားရှိုးအခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါးက ပြောသည်။

“လောလောဆယ်က အဲဒီရွာမှာ ရှိနေတဲ့ လူမှုအဖွဲ့အစည်းတစ်ချို့ရယ်၊ လူ/ကယ်/ပြန်က သွားရောက် ကူပေးတယ်လို့တော့ ကြားရတယ်။ လောလောဆယ်တော့ စားဖို့သောက်ဖို့နဲ့ နေထိုင်ဖို့က အဆင်ပြေတယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့ ဘယ်အတိုင်းအတာထိ နေမလဲ၊ ဘယ်အချိန်ထိ နေမလဲဆိုတဲ့ အပေါ်မှာပဲ အခြေခံပြီးမှ သူတို့ လိုအပ်ချက်တွေ ရှိမယ်” ဟု လွေးချဆငါးက ပြောသည်။

လွယ်ဆာကျေးရွာသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များမှာ များသောအားဖြင့် ကလေးငယ်နှင့် သက်ကြီး ရွယ်အိုများဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျန်ဒေသခံများမှာ ရွာစောင့်အဖြစ် ကျန်ခဲ့သည်ဟု ဆိုသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...