ရေဖြူမြို့နယ်တွင် မြေမြှုပ်မိုင်း နင်းမိမှုဖြစ်စဉ် တစ်မနက်တည်း နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွား၊ နင်းမိသူ ရွာသားနှစ်ဦး ဒဏ်ရာပြင်းထန်

ရေဖြူမြို့နယ်တွင် မြေမြှုပ်မိုင်း နင်းမိမှုဖြစ်စဉ် တစ်မနက်တည်း နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွား၊ နင်းမိသူ ရွာသားနှစ်ဦး ဒဏ်ရာပြင်းထန်

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် မြေမြှုပ်မိုင်း နင်းမိမှုဖြစ်စဉ် နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားရာ ဒေသခံ နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် တာဝန်ရှိသူများနှင့် ဒေသခံများက ပြောသည်။

“ဒီ(မတ်လ ၁၁ ရက်)မနက် ၈ နာရီလောက်မှာ တော်လဝီ(မျောက်ချောကျေးရွာ) ကနေ ကလယ်ရွာဘက်မှာ ရေပိုက်သွယ်ထားတာ ရှိတယ်။ အဲဒီရေပိုက်ကို သွားပြင်ရင်း နင်းမိတာ။ မိုင်းတွေက ရေပိုက်ဘေးမှာပဲ ထောင်ထားတယ်၊ နောက် ၉ နာရီလောက်မှာ အဲဒီဘက်ခြမ်းမှာပဲ ခြံသွားတာ လမ်းမှာပဲ နင်းမိတယ်” ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တာဝန်ရှိသူက ပြောသည်။

မြေမြှုပ်မိုင်းနင်းမိသူ ဒေသခံ နှစ်ဦးစလုံး ခြေထောက်တွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သဖြင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

အခင်းဖြစ်ပွားရာဝန်းကျင်မှာ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မွန်ပြည်သစ်ပါတီ NMSP စခန်းများ ရှိနေပြီး တပ်မတော်စစ်ကြောင်းများလည်း ဖြတ်သန်းသွားလာသည့် နေရာများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“တော်လဝီလို့ခေါ်တဲ့ မျောက်ချောကျေးရွာက အလယ်စခန်းနဲ့တော့ နဲနဲဝေးတယ်၊ မျောက်ချောက မွန်ပြည်သစ် ပါတီနယ်မြေပေါ့။ ကလယ်ကျေးရွာဘက်ကတော့ KNU နေနေတဲ့နေရာပေါ့။ အဒီနေရာက မွန်ပြည်သစ်ပါတီနဲ့ KNU ကြားနေရာပေါ့” ဟု အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ပြောသည်။

သို့သော်လည်း မြေမြှုပ်မိုင်းကိစ္စနှင့်ပတ်သက်၍ KNU နှင့် NMSP တို့ နှစ်ဖွဲ့စလုံးက ၎င်းတို့ ထောင်ထားခြင်း မဟုတ်ကြောင်း ငြင်းဆိုထားကြသည်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့ကလည်း မျောက်ချောကျေးရွာအနီးတွင် ခြံမီးလောင်နေသည်ကို မီးငြှိမ်းသတ်ရန် ဆိုင်ကယ်ဖြင့် သွားသူတစ်ဦး မြေမြှုပ်မိုင်းနင်းမိမှုဖြစ်ပွားခဲ့သေးသည်။

ယခုဖြစ်စဉ် ဖြစ်ပွားရာနှင့် အနည်းငယ် ဝေးသည့် အလယ်စခန်းကျေးရွာအနီးတဝိုက်တွင်လည်း ပြီးခဲ့သည့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်းက မြေမြှုပ်မိုင်းနင်းမိမှု ၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည်။



မြေမြှုပ်မိုင်းနင်းမိမှု ဖြစ်စဉ်များကြောင့် ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းများကိုသာ အဓိက လုပ်ကိုင်စားသောက်နေကြသည့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်ကာ လုပ်ငန်းခွင် သွားရန်ပင် မဝံ့ရဲဖြစ်နေရကြောင်း ဖွင့်ဟပြောဆိုကြသည်။

အဆိုပါဒေသတွင် KNU ဘက်မှ သစ်ထုတ်လုပ်နေမှုကြောင့်လည်း မွန်ပြည်သစ်ပါတီ (NMSP) နှင့် KNU အကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားနေသည့် ဒေသလည်း ဖြစ်သည်။

ရေဖြူမြို့နယ် မြေမြှုပ်မိုင်းကိစ္စ ဖြေရှင်းနိုင်ရေး မွန်ပြည်သစ်ပါတီက အစိုးရကို တင်ပြထားသလို ကရင်အမျိုးသားအစည်းအရုံး KNU နှင့်လည်း ညှိနှိုင်းဆွေးနွေးနေကြသည်။ သို့သော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...