ရွှေ့ပြောင်းသူများ နေရာသစ်တွင် မဲပေးခွင့် တိုင်းရင်းသားပါတီများ ကန့်ကွက်

ရွှေ့ပြောင်းသူများ နေရာသစ်တွင် မဲပေးခွင့် တိုင်းရင်းသားပါတီများ ကန့်ကွက်

မဲဆန္ဒနယ်ပြင်ပရောက်သည့် ရွှေ့ပြောင်းသူများ အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ရုံဖြင့် ၎င်းတို့ ရောက်ရှိနေသော မဲဆန္ဒနယ်တွင် မဲပေးခွင့်ပြုခြင်းကို တိုင်းရင်းသားပါတီများက ကန့်ကွက်လိုက်ကြသည်။

လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် ပြင်ပရောက်သူများကို မူရင်းဒေသအတွက် ကြိုတင်မဲဖြင့်သာ ဆောင်ရွက်သင့်သည်ဟု တိုင်းရင်းသားပါတီများက ထောက်ပြကြသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့  အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် က “သူတို့ (မဲဆန္ဒနယ်ပြင်ပရောက်သူတွေ) ထွက်ခွာလာတဲ့ဒေသကိုပဲ ကြိုတင်မဲအနေနဲ့ ဆောင်ရွက်ပေးခြင်းအားဖြင့် လူနည်းစု တိုင်းရင်းသားတွေရဲ့ နယ်မြေမှာ လည်း ထိခိုက်မှုမရှိဘူး၊ အဲဒီရွှေ့ပြောင်းသွားလာနေတဲ့သူတွေလည်း နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ဖြစ်တဲ့ မဲဆန္ဒကိုလည်း ပေးနိုင်လိမ့်မယ်။ ဒါက ပိုပြီးတော့ သင့်တော်မယ်” ဟု ပြောသည်။

မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀)တွင် ပါရှိသော “အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း” ဆိုသည့်စကားရပ်ကို “အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း” ဆိုသည့် စကားရပ်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစားထိုးပြင်ဆင်ချက်ကို ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က မဲခွဲအတည်ပြုထားသည်။

ယင်းသို့ ရွေးချယ်မဲပေးခွင့်ရရှိခြင်းသည် ဒေသခံများ၏ ဆန္ဒသဘောထားများအပေါ် များစွာထိခိုက်စေသည့်အပြင် မူလဒေသခံများ၏ ဆန္ဒကို ဝင်ရောက်စွက်ဖက်နိုင်ခွင့်ပေးလိုက်သကဲ့သို့ဖြစ်စေသည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့အပါအဝင် တိုင်းရင်းသား ၁၄ ပါတီ က ကြေညာချက်ထုတ် ကန့်ကွက်ထားသည်။

မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က“ယာယီရွှေ့ပြောင်းလုပ်သားတွေ မဲပေးပိုင်ခွင့်ကို နေရပ်ပြန်ပြီး မဲပေးတဲ့စနစ်၊ ဒါမှမဟုတ် ကြိုတင်မဲပေးတဲ့စနစ်ဖြင့်သာ တရားနည်းလမ်းကျကျ အကောင်အထည်ဖော်သင့်တယ်၊ ဒီမြို့ နယ်မှာ ယာယီ လာနေတယ်၊ ဒီမြို့နယ်က ကိုယ်စားလှယ်ကို မဲပေးတာ မဖြစ်သင့်ဘူး။ သူ့မြို့နယ်က ကိုယ်စားလှယ်ပဲ သူ ပေးသင့်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀) ပါ အတိုင်း ဆန္ဒမဲပေးခွင့်ပြုပါက ရွေးကောက်ပွဲရလဒ်ကို အပြောင်းအလဲဖြစ်စေသောကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ်၏ ကိုယ်စားပြုမှုသည် စစ်မှန်သော ကိုယ်စားပြုမှု မဖြစ်ကြောင်းလည်း နိုင်စံတင်က ဆက်ပြောသည်။

ကချင်အမျိုးသားကွန်ဂရက်ပါတီကလည်း ယင်းကိစ္စကို ကန့်ကွက်ကြောင်းနှင့် ၎င်းတို့ကို ကြိုတင်မဲဖြင့် ဆောင်ရွက်ရန် ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းသို့ မဲပေးခွင့်ပြုခြင်းမှာ ရွေးကောက်ပွဲ၏ လွတ်လပ်တရားမျှတမှုကို ထိပါးရာ ရောက်သည်ဟု တိုင်းရင်းသားပါတီများက ထောက်ပြထား ကြသည်။

August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...
August 29, 2026
ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့အနီးသို့ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး...
ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ / Dawei PDF
August 28, 2026
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်က တနင်္သာရီမြစ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာ...
မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...