တရုတ်ရောက် တရားမဝင် မြန်မာ ၁၅၀၀ ကျော် နေရပ်ပြန်လိုကြောင်း သံရုံးကို ဆက်သွယ်လာကြ

တရုတ်ရောက် တရားမဝင် မြန်မာ ၁၅၀၀ ကျော် နေရပ်ပြန်လိုကြောင်း သံရုံးကို ဆက်သွယ်လာကြ
ပုံစာအညွှန်းများ - မြန်မာနိုင်ငံသို့ ပြန်ပို့မည့် တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမားများကို ကျန်းမာရေးစစ်နေစဉ်(ပုံ-မင်းချမ်းမြေ့)
ပုံစာအညွှန်းများ - မြန်မာနိုင်ငံသို့ ပြန်ပို့မည့် တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမားများကို ကျန်းမာရေးစစ်နေစဉ်(ပုံ-မင်းချမ်းမြေ့)

လာဘ်ရတနာဗိုလ် — တရုတ်နိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၅၀၀ ကျော်သည် နေရပ်သို့ ပြန်လိုကြောင်း တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ အခြေစိုက် မြန်မာသံရုံးသို့ ဆက်သွယ်မှုများ ရှိလာနေ သည်။

၎င်းတို့သည် တရုတ်နိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး အများစုမှာ ရှန်တုန်းပြည်နယ်ရှိ စက်ရုံများတွင် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဘေကျင်းမြို့အခြေစိုက် မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက "တရားမဝင် ဖြစ်တဲ့အတွက် သက်ဆိုင်ရာ နယ် မြေရဲ့ အလုပ်သမားဥပဒေအရ သူတို့က အကာအကွယ် ပေးလို့မရတဲ့ အနေအထားမှာ ရှိတာပေါ့။စက်ရုံမှာတော့ သူတို့ နေရတယ်။ ဒါပေမယ့်လည်း ရဲဆီမှာ စာရင်း ရှိပြီးသား။ ရှိပြီးသားဆိုတော့ အန္တရာယ်ကင်းကင်းနဲ့ နေလို့ရတဲ့ အနေ အထား ဖြစ်ပါတယ်။ ဖမ်းဆီးထားတာလည်း မရှိပါဘူး။ ထိန်းသိမ်းထားတာမျိုးလည်း မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ရဲရဲ့ စောင့် ရှောက်မှုအောက်မှာ ရောက်သွားပါပြီ"ဟု ဆိုသည်။

ယခု လက်ရှိ၌ တရုတ်နိုင်ငံ၊ ဟူဘေမြို့တွင် တရားမဝင် မြန်မာအလုပ်သမား ၈၀ နီးပါးရှိကာ  တရုတ်နိုင်ငံရှိ ရဲများ၏ ကြည့်ရှု စောင့်ရှောက်မှု အောက်တွင် နေခိုင်းထားသည်ဟု ကြားသိရကြောင်း မြန်မာသံရုံး တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

"ဟူဘေဖြစ်တဲ့အတွက် ကျွန်တော်တို့က လက်ရှိဟူဘေရဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အရ ဟူဘေကနေ ထွက်လို့ မရသေး ပါဘူး။ သူတို့ကိုတော့ ရဲရဲ့ ကြည့်ရှုစောင့်ရှောက်မှု အောက်ပေါ့နော်။ မိုတယ်တစ်ခုမှာ ထားပြီး တော့ နေခိုင်းထား တယ်လို့ သိရှိထားပါတယ်"ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံထဲတွင် တရားမဝင် အလုပ်လုပ် ကိုင်နေသည့် မြန်မာ အလုပ်သမား အရေအတွက် သောင်းဂဏန်း နီးပါး အထိရှိကြောင်း သိရသည်။

တရားမဝင် အလုပ်သမားများထဲကမှ နေရပ်သို့ ပြန်ခေါ်နိုင်ရန်အတွက် အချက်အလက် အပြည့်အစုံရှိသူ ၉၀၀ ကျော်ရှိကာ ပြီးခဲ့သည့် မတ်လ ၆ ရက်က စတုတ္ထအသုတ်အဖြစ် အလုပ်သမား ၇၀ ကို ပို့ပေးခဲ့သည်။

လက်ရှိအချိန်ထိ မြန်မာသံရုံး၏ ဆောင်ရွက်မှုကြောင့် ဖေဖော်ဝါရီလမှ စတင်ကာ ယခု မတ်လ ၆ ရက်ထိ  မြန်မာနိုင်ငံသို့ ပြန်ခွင့်ရခဲ့သည့် မြန်မာအလုပ်သမား ၂၀၀ ကျော် အထိ ရှိနေပြီ ဖြစ်သည်။

ဘေကျင်းမြို့အခြေစိုက် မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက "မြန်မာနိုင်ငံသားဟုတ်မဟုတ် ကျွန်တော်တို့က အဓိကပါ။ လက်ရှိမှာ ကျွန်တော်တို့ရထားတဲ့ဟာရှိပါတယ်။ ၉၀၀ ကျော်ဟာ မှတ်ပုံတင်တွေ ဘာတွေ လည်း နံပါတ်တွေ သွင်းနိုင်ပြီ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေက မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတဲ့ သဘောပေါ့နော်။ အဲ့ဒီလိုလေးတွေ ကျွန်တော်တို့ အကြောင်း ပြန်ပြီးပါပြီ။ ပြန်ပြီးတဲ့ သူတွေကိုတော့ သူတို့ပြန်ပို့ဖို့ လုပ်တယ်။ လုပ်တော့ ၂၀၀ ကျော် ပြန်ပို့ ပြီးပါပြီ။ ကျန်တဲ့သူတွေကို ပို့ဖို့အတွက် သူတို့ဆက်လုပ်နေတဲ့သဘောပါ" ဟု ပြောသည်။

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ပတ်စ်ပို့ ကိုင်ဆောင်ထားသော တရားဝင် မြန်မာ အလုပ်သမားများ အနေဖြင့် နေရပ် ပြန်ချင်ပါက ပြန်၍ ရနေပြီဖြစ်ကြောင်း သံရုံးမှ တာဝန်ရှိသူက ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်(ခေါ်)COVID-19 သည် ယခုအချိန်တွင် နိုင်ငံပေါင်း ၁၀၉ နိုင်ငံထိ ကူးစက်ပျံ့နှံ့နေကာ သေဆုံးသူဦးရေ ၄၀၀၀ ကျော် ရှိပြီဖြစ်၍ ကူးစက်ခံရသူဦးရေ ၁၀၀၀၀၀ ကျော် အထိ ရှိနေပြီဖြစ်သည်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...