ဗိုလ်ရာဇာဖောင်ဒေရှင်းမှ ယူရိုငွေ ၁၂၅၀ ကို ရခိုင်သို့လှူဒါန်းမည်

ဗိုလ်ရာဇာဖောင်ဒေရှင်းမှ ယူရိုငွေ ၁၂၅၀ ကို ရခိုင်သို့လှူဒါန်းမည်
by -
နိရဥ္စရာ
နယ်သာလန်နိုင်ငံ အခြေစိုက် ၂/၁၁ ဗိုလ်ရာဇာ ဖောင်ဒေးရှင်း ( 2/11 Bo Raza Foundation) မှ ယူရိုငွေ ၁၂၅၀ ကို ရေအခက်အခဲရှိနေသော ကျေးရွာတစ်ရွာ အတွက် ရေကန်(သို့မဟုတ်) အဝီစိတွင်း လှူဒါန်းရန်နှင့် နိုင်ငံရေး၊ လူမှုရေးစသည့် အဖွဲ့များမှ ထောင်ထဲ ရောက်နေသူများကို ကူညီသွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ကကျင်းပ ပြုလုပ်ခဲ့သော (၁၉) နှစ်မြောက် ဗိုလ်ရာဇာကျဆုံးနေ့ အခမ်းအနားတွင် ထိုသို့ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ အိန္ဒိယ အကျဉ်းထောင်ထဲက လွတ်မြောက်လာကြတဲ့ ရခိုင်နဲ့ ကရင်ရဲဘော်တွေက နယ်သာလန်နိုင်ငံ Wijhd မြို့မှာ (၁၉) နှစ်မြောက် ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ရာဇာနဲ့ ခေါင်းဆောင် ၅ ဦးကျဆုံးခဲ့တဲ့ အောက်မေ့ ၀မ်းနည်းဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီနေ့မှာ ယူရိုငွေ ၁၂၅၀ ကို ရခိုင်ပြည်နယ် အတွင်းမှာ လှူဒါန်းသွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု ဗိုလ်ရာဇာ ဖောင်ဒေရှင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုသိန်းအောင်ကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၎င်းငွေကို ရေအခက်အခဲရှိနေသော ကျေးရွာတစ်ရွာ အတွက် ရေကန်(သို့မဟုတ်) အဝီစိတွင်း လှူဒါန်းသွားမည် ဖြစ်ပြီး ယင်းငွေထဲမှ တချို့ကို အများအကျိုးအတွက် ဆောင်ရွက်၍ မတရားသဖြင့် ထောင်ကျနေသူ တသီး ပုဂ္ဂလများ အပါအဝင် နိုင်ငံရေး တော်လှန်ရေး လူမှုရေးစသည့်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကို ချီးမြှင့်သွားမည်ဟု သိရသည်။

“ ထောင်ဆိုတာက အဓိက ရခိုင်ပြည်နယ်ထဲက စစ်တွေထောင်၊ ကျောက်ဖြူထောင်နှင့်သံတွဲထောင်တွေမှာ မတရားထောင်သွင်းအကျဉ်းကျခံ နေကြရတဲ့ ရခိုင့်မျိုးချစ်ပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပြီ ကူညီသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

2/11 Boraza Foundation ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သော (၁၆) နှစ်မြောက် ဗိုလ်ရာဇာအပါအဝင် ခေါင်းဆောင်၆ ဦး ကျဆုံးခဲ့ရသော အောက်မေ့ ၀မ်းနည်းဖွယ် အခမ်းအနားတွင် နယ်သာလန်နိုင်ငံရောက် ရခိုင်နှင့် ကရင် ရဲဘော်များက ထူထောင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ရခိုင်ပြည်နယ်အတွင်း လိုအပ်နေသော နေရာများတွင် ပါ၀င် ကူညီ လှူဒါန်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ဗိုလ်ရာဇာအပါအဝင် ရခိုင်နှင့် ကရင်ခေါင်းဆောင် ၆ ဦးတို့သည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က အိန္ဒိယနိုင်ငံ အန်ဒမန် ပင်လယ်ပြင် နီကိုဘာကျွန်းစုရှိ လန်းဖေါ့ကျွန်းတွင် အိန္ဒိယ စစ်တပ်၏ သွေးသွေးအေးအေးဖြင့် အကောက်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဗိုလ်ရာဇာနှင့် အတူ ပါလာခဲ့သော ရခိုင်နှင့် ကရင် ရဲဘော် ၃၀ ကျော်ကိုလည်း အိန္ဒိယ အကျဉ်းထောင်များတွင် နှစ်ရှည် ထောင်သွင်း အကျဉ်းချထားခဲ့သည်။

အိန္ဒိယနိုင်ငံမှ လူ့အခွင့်အရေး လူပ်ရှားသူ ရှေ့နေမကြီး နန်ဒီတာ အပါအဝင် အမှန်တရား မြတ်နိုးသူများ၏ လူပ်ရှားကူညီဆောင်ရွက်မှုကြောင့် UNHCR ၏ အစီအစဉ်ဖြင့် ထောင်ချခံခဲ့ရသည့် ရဲဘော် ၃၀ ကျော်သည် နယ်သာလန်နိုင်ငံတွင် ၂၀၁၂ ခုနှစ် အတွင်းက ခိုလုံခွင့် ရရှိသွားခဲ့သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...