ကချင်ပါတီများ ပူးပေါင်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)က ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းရန်အပါအဝင် အချက် ၁၀ ချက်ကို ရှေ့လုပ်ငန်းစဉ်အဖြစ် ပါတီ၏ ပထမဆုံးအကြိမ် ညီလာခံတွင် ချမှတ်ခဲ့ကြသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မဂျွယ်ခန်းမတွင် ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်က နှစ်ရက်တာ ပြုလုပ်သည့် ပါတီညီလာခံတွင် အဆိုပါ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။
KSPP ပါတီ ဒု ဥက္ကဋ္ဌ ၁ ဒေါ်ဒွဲဘူက “ကျမတို့ မနေ့က ဆွေးနွေးထားတဲ့ ပါတီမူဝါဒတွေ၊ နိုင်ငံရေးသဘောထားတွေ၊ ကျား မ တန်းတူညီရေးမူဝါဒတွေ၊ ပြီးလို့ရှိရင် ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပါတီရှေ့လုပ်ငန်းစဉ်တွေမှာ အားလုံးခြုံပြီးမှ ပါတီရှေ့လုပ်ငန်းစဉ်တွေကို သဘာပတိကြီးကနေပြီးတော့ ညီလာခံကိုယ်စားလှယ်တွေကို မေးမြန်းပြီးမှ အားလုံးရဲ့ သဘောတူညီချက်နဲ့ အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ပြောသည်။
ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များမှာ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ဖွဲ့စည်းရန်၊ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်သည့် ကော်မတီ ဖွဲ့စည်းရန်၊ ပါတီရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များ၊ ပါတီဝင်များအတွက် စွမ်းရည်မြှင့်တင်ရေးသင်တန်းများ ပြုလုပ်ရန်၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးသည့် ခရီးစဉ်များတွင် ဗဟိုကော်မတီနှင့် မြို့နယ်ကော်မတီ ပူးပေါင်းဆောင်ရွက်ရန်တို့ ဖြစ်သည်။
ထို့အပြင် ပါတီလှုပ်ရှားမှုများတွင် အမျိုးသမီးများနှင့် လူငယ်များ ပိုမို ပါဝင်လာအောင် လုပ်ဆောင်ရန်၊ ပါတီဆိုင်းဘုတ်များကို ရပ်ကွက်၊ ကျေးရွာများအထိ ထောင်နိုင်အောင် လုပ်ဆောင်ရန်၊ ပါတီဝင်များ ပါတီဝင်ကတ်ပြား ရရှိ အောင် လုပ်ဆောင်ရန်နှင့် ပါတီပြောရေးဆိုခွင့်ရှိသူများ၏ အမည်များကို ပါတီဗဟိုကော်မတီအစည်းအဝေးက အတည်ပြုရွေးချယ်ပြီး တရားဝင် ထုတ်ပြန်သွားရန် အစရှိသည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြသည်။
ပါတီက ချမှတ်လိုက်သည့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပါတီဝင်တစ်ဦးဖြစ်သူ ဦးတင်ဦးက“တစ်ဦးကောင်း တစ်ယောက်ကောင်း မဟုတ်ဘဲနဲ့ အားလုံးရဲ့ ဆန္ဒအရ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဖြစ်တဲ့အတွက် ကျနော်က ကျေနပ်ပါတယ်၊ အားရပါတယ်”ဟုပြောသည်။
အဆိုပါပါတီညီလာခံတွင် ခေါင်းဆောင်ပိုင်း အချို့ အပြောင်းအလဲ ရှိခဲ့သည်ဟုလည်း KSPP ပါတီက ဆိုသည်။
ပါတီ ဒု-ဥက္ကဋ္ဌ ၁ ဒေါ်ဒွဲဘူက “အရင် ကျမတို့ ယာယီကော်မတီမှာတော့ ဥက္ကဋ္ဌကတော့ ဒေါက်တာ မနမ်တူးဂျာ ဖြစ်ပါတယ်။ ဒု-ဥက္ကဋ္ဌ ၁ ကတော့ ဦးခက်ထိန်နန် ဖြစ်ပါတယ်။ အခုကတော့ ဥက္ကဋ္ဌကတော့ ဒေါက်တာ မနမ်တူးဂျာဖြစ်ပြီးမှ ဒု-ဥက္ကဋ္ဌ နေရာမှာတော့ ဦးခက်ထိန်နန်နေရာမှာတော့ ကျမအနေနဲ့ပေါ့၊ ဒေါ်ဒွဲဘူ အနေနဲ့ ပါပါတယ်။ ဒု-ဥက္ကဋ္ဌ ၂ မှာတော့ ဦးအောင်ခမ်း၊ အရင်အတိုင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒု-ဥက္ကဋ္ဌ ၃ မှာတော့ ဦးမိထွယ်ဇော်လတ် ဖြစ်ပါတယ်။ နောက်ထပ် ထပ်တိုးတာက ဒု-ဥက္ကဋ္ဌ ၄ မှာတော့ ဒေါ်ဘောက်ဂျာ ထပ်တိုးပါတယ်” ဟု ပြောသည်။
KSPP ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အောင်နိုင်ရေး အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ် ၁၈ မြို့နယ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက ပြောသည်။
“လာမယ့် ရွေးကောက်ပွဲမှာ ကျနော်တို့က ကချင်ပြည်နယ်အတွင်းမှာပဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်နယ်အခြေစိုက် ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တယ်။ ဒါကြောင့်မို့ ဒီပြည်နယ်အတွင်းဆိုလို့ရှိရင်တော့ ပြည်နယ်လွှတ်တော်အတွက် ၁၈ မြို့နယ်မှာ ဝင်မယ် ဆိုလို့ရှိရင် ကိုယ်စားလှယ်လောင်း ၃၆ ယောက် ဖြစ်သွားမယ်။ ပြီးလို့ရှိရင်တော့ အမျိုးသားလွှတ်တော် ၁၂ ယောက်၊ ပြည်သူ့လွှတ်တော် ၁၈ ယောက်၊ ဆိုလို့ရှိရင် အဲဒါတွေအားလုံး ကျနော်တို့ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ အစီအစဉ်ရှိပါတယ်။ ပြည်နယ်အတွင်းမှာပဲ။ ပြည်နယ်ပြင်ပမှာ ကျနော်တို့ မပြိုင်သေးပါဘူး” ဟု ဒေါက်တာ မနမ်တူးဂျာက ပြောသည်။
KSPP ပါတီ ဒု - ဥက္ကဋ္ဌ -၄ ဒေါ်ဘောက်ဂျာက "၂၀၂၀ ရွေးကောက်ပွဲမှာ ကျမတို့ KSPP ပါတီကနေ လုံး၀ အောင်နိုင်ရေးကို ရရှိလိမ့်မယ်လို့လည်း ကျမ မျှော်လင့်တယ်။ ပြီးတော့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို ကြည့်ခြင်းအားဖြင့် လူငယ်တွေလည်း တအား တက်ကြွစွာနဲ့ ပါဝင်လာတဲ့အပေါ်မှာ ကျမ အားရဝမ်းသာတယ်။ သူတို့ကိုလည်း ဂုဏ်ယူတယ်။ လူငယ်တွေ ပါဝင်လာပြီဆိုရင် ကျမတို့ရဲ့ ပါတီဟာ အောင်နိုင်ဖို့ အပြည့်အဝ ရှိတယ်လို့ ကျမ ခံယူတယ်”ဟု ပြောသည်။
KSPP ပါတီအနေဖြင့် လောလောဆယ်တွင် မည်သည့်ပါတီနှင့်မျှ မဟာမိတ် ဖွဲ့ထားခြင်း မရှိသေးဟု ပါတီ ဒု ဥက္ကဋ္ဌ ၂ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
“အဓိကကတော့ မဟာမိတ်ဆိုတဲ့ နေရာမှာတော့ ပြည်နယ်ကိုယ်စားပြု ပါတီတွေနဲ့ အတူတကွ လုပ်ဖို့ ဆန္ဒရှိပါတယ်”ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
KSPP ၏ ပထမဆုံးအကြိမ် ပါတီညီလာခံသို့ ပါတီ ဥက္ကဋ္ဌများနှင့်အတူ ကချင်ပြည်နယ်ရှိ ၁၈ မြို့နယ်မှ ပါတီကိုယ်စားလှယ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။







