“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) က ၎င်းတို့ ထိန်းချုပ်ရာဒေသတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အစိုးရနှင့် ဆက်လက်ညှိနှိုင်းစရာ များစွာ ရှိနေသေးသည်ဟု ပြောသည်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ရွေးကောက်ပွဲကော်မရှင်တို့ ဖေဖော်ဝါရီလကုန်ပိုင်းက ပန်ဆန်း (ပန်ခန်း) မြို့တွင် တွေ့ဆုံခဲ့ကြသည်။
UWSP လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက “ဖြေရှင်းဖို့ဆိုတာကတော့ ဖြေရှင်းဖို့ကိစ္စက ဒီ မှတ်ပုံတင်ကိစ္စတွေ၊ အိမ်ထောင်စုစာရင်းတွေ၊ လူဦးရေ၊ ဒါတွေပေါ့နော်။ အဲဒါတွေ အရင် ဖြေရှင်းဖို့ပေါ့နော်။ ကျန်တဲ့ အပိုင်းတွေကလည်း ဆက်လက် ညှိနှိုင်းဖို့တွေ၊ ပြင်ဆင်ဖို့တွေ လိုပါသေးတယ်။ ဆွေးနွေးဖို့တွေ လိုပါသေးတယ်နော်”ဟု ပြောသည်။
ရွေးကောက်ပွဲကျင်းပနိုင်ရေး ကော်မရှင်က လာရောက် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း လက်တွေ့တွင် အမှန်တကယ် ကျင်းပနိုင်ရေး ဆက်လက် ဆွေးနွေးရန် ကိစ္စရပ်များ ရှိနေသေးသည်ဟု ဦးညီရန်းက ဆက်ပြော သည်။
ဖေဖော်ဝါရီ ၂၇ရက် နံနက်ပိုင်းတွင် UWSP ဒု-ဥက္ကဋ္ဌ ဦးရှောက်မင်လျံ ၊ ဒု-စစ်သေနာပတိချုပ် ဦးကျောက်ကျုံးတန်း၊ ဒု-အထွေထွေအတွင်းရေးမှုးချုပ် ဦးပေါက်ယူရိ ၊ ဒု-ဥက္ကဋ္ဌ ဦးကျောက်ကော်အန်းနှင့် ဗဟိုကော်မတီဝင် ခေါင်းဆောင်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များကို ပန်ခမ်းမြို့ ဗဟိုရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ဒေသအတွင်း ဟိုပန်ခရိုင်နှင့် မက်မန်းခရိုင်ဆိုသည့် ခရိုင် ၂ ခုရှိရာ မြို့နယ် ၆ ခုထဲမှ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် နားဖန်းမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ UWSP အနေဖြင့် ပူးပေါင်းပါဝင်နိုင်ရေး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့သည်ဟု ဦးညီရန်းက ဆက်ပြောသည်။
“အဓိကက ကျနော်တို့ “ဝ” ပြည်နယ်မှာ ကျန်ရှိနေတဲ့ မြို့နယ် လေးမြို့နယ်မှာ ဒီ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ဆွေးနွေးခဲ့ကြတာပေါ့နော်။ အဲဒါပဲ။ ကျနော်တို့ ဒု-ဥက္ကဋ္ဌ တက်ရောက်တယ်ပေါ့နော်။ ဒီက ဘာ တောင်းဆိုမလဲဆိုတော့ အကယ်လို့ လုပ်မယ်ဆိုရင်တော့၊ လုပ်နိုင်တဲ့ အခြေအနေ ပေးတယ် ဆိုရင်တော့၊ အဘက်ဘက်အတွက် အကျိုးပြုမယ်ဆိုရင်တော့၊ ဒါကတော့ ကျနော်တို့အနေနဲ့ ပူးပေါင်းမယ်ဆိုတဲ့ သဘောထားတော့ ပေးခဲ့တယ်ပေါ့နော်။ ဒါပါပဲ”ဟု ဦးညီရန်းက ပြောသည်။
UWSP/UWSA ထိန်းချုပ်မှုအောက်ရှိ မြို့နယ်လေးခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ ရွေးချယ်ရေး၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ရေးနှင့် မဲပေးနိုင်ရေး ကိစ္စရပ်များကို ကော်မရှင်ဘက်က ရှင်းပြခဲ့သည်ဟုလည်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ “ဝ”အမျိုးသားစည်းလုံးရေးပါတီ ဥက္ကဋ္ဌ ဦးညီပလုပ်က “အခု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကိုယ်တိုင် သူတို့နဲ့ သွားတွေ့တာဆိုတော့ ကောင်းပါတယ်။ အခြေအနေ ပိုသိရတာပေါ့နော်။ သူက နဂိုကတည်းက၊ အဲဒီမှာ က “ဝ” လူကြီးတွေအပေါ်မှာပဲ အများကြီး မူတည်တယ်။ သူတို့ ဖွင့်ပေးရင်တော့ ရနိုင်တာပေါ့နော်။ အခုနက ပြောသလို၊ အဓိကက၊ ဥပမာ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် မှတ်ပုံတင်လုပ်ငန်းတို့၊ ဘာတို့ လုပ်ရမယ်လေ၊ အကုန် လုပ်ရမှာကိုး၊ ပြန် လုပ်ရမှာ။ အဲဒါ အဆင်ပြေနိုင်ပါ့မလား။ အဲဒါ ကျနော်တို့ စဉ်းစားတယ်။ အခြေအနေက အခု တွက်ကြည့်တာတော့ သိပ်တော့ အဆင်မပြေနိုင်ဘူး ထင်တာပဲ”ဟု ပြောသည်။
သို့သော်လည်း “အထူးသဖြင့် “ဝ” ပြည်နယ် သတ်မှတ်ရေးကိစ္စရပ်များ၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့် သတ်မှတ်ပေးတွေကို နိုင်ငံတော်က စဉ်းစားပေးမယ်ဆိုရင်၊ ဆောင်ရွက်ပေးမယ်ဆိုရင် ဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိတယ်” ဟု ဦးညီပလုပ်က ဆက်ပြောသည်။
“ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မက်မန်းမဲဆန္ဒနယ်(၁) တွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်နေရာ အနိုင်ရရှိခဲ့သည့် ပါတီ ဖြစ်သည်။
အခြားသော “ဝ” ပါတီများ UWSP ထိန်းချုပ်နယ်မြေတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရေးနှင့်ပတ်သက်၍ ဦးညီပလုပ်က “အဲဒီကိစ္စက ကျနော်တို့လည်း ပြောလို့ မရဘူး။ ဘာလို့လဲဆိုတော့ သူတို့ကလည်း ပါတီ ရှိတာကိုးနော်။ ကျနော်တို့လည်း ပါတီရှိတယ်။ သူတို့ အခြေအနေပေါ်ပဲ မူတည်တယ်။ သူတို့ ဖွင့်မယ်ဆိုရင်တော့ ကျနော်တို့က သွားလာလို့ ရမယ်၊ စည်းရုံးလို့ ရမယ်။ တကယ်လို့ သူတို့က မဖွင့်ပေးဘူးဆိုရင်တော့၊ ဒါကတော့ တစ်မျိုး ဖြစ်သွားပြီပေါ့”ဟု ဆက်ပြောသည်။
“ဝ” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ အပါအဝင် “ဝ”ဒီမိုကရက်တစ်ပါတီနှင့် “ဝ”လစ်ဘရယ်ဒီမိုကရက်တစ်တိုးတက်ဖွံ့ ဖြိုးရေးပါတီတို့သည် “ဝ” လူမျိုး ဒေသခံ ပြည်သူများ၏ တောင်းဆိုချက်အရ “ဝ” အမျိုး သားပါတီအဖြစ် ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းနေကြသည်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် မြို့နယ် ၆ ခု ပါဝင်ပြီး ယင်းတို့ကို ခရိုင် ၂ ခုအဖြစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ၂၀၁၀ သြဂုတ်လက ထုတ်ပြန် ကြေညာခဲ့ကြသည်။ ၆ မြို့နယ်အနက် လေးခုမှာ UWSP/UWSA ထိန်းချုပ်မှုအောက်တွင် တည်ရှိပြီး မြို့နယ် နှစ်ခုသာ အစိုးရထိန်းချုပ်မှုအောက်တွင် တည်ရှိသည်။
UWSP/UWSA ၏ ထိန်းချုပ်မှုအောက်ရှိ မြို့နယ်လေးခုတွင် လူဦးရေ ၅ သိန်းနီးပါး ရှိသည်ဟုလည်း သိရသည်။







