ရေဖြူတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပြန်

ရေဖြူတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပြန်

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင်  မြေမြှုပ်မိုင်းပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများနှင့် မွန်ပြည်သစ်ပါတီ (NMSP) ထားဝယ်ခရိုင် တာဝန်ရှိသူများက ပြောသည်။

ယင်းဒေသမှာ ကရင့်အမျိုးသားအစည်းအရုံး(KNU)နှင့် NMSP တို့အကြား အငြင်းပွားနေသော ဒေသဖြစ်သည်။

ဖေဖော်ဝါရီ ၂၉ ရက် ညနေ ၃ နာရီဝန်းကျင်က ရေဖြူမြို့နယ် မျောက်ချောကျေးရွာနေ ကိုစိုးဝင်းဆိုသူက ခြံ မီးလောင်နေသည်ကို ငြှိမ်းသတ်ရန် ဆိုင်ကယ်ဖြင့် အသွား လမ်းတွင်  မြေမြှုပ်မိုင်းနင်းမိမှု ဖြစ်ပွားခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် တာဝန်ရှိသူက ပြောသည်။

ဖြစ်စဉ်ကြောင့် ကိုစိုးဝင်း စီးနင်းလာသည့် မော်တော်ဆိုင်ကယ် ပျက်စီးသွားပြီး လက်တွင် ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားသည်။

အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စန်းက “အခု ဖြစ်တဲ့နေရာက အလယ်စခန်းနဲ့ နည်းနည်းဝေးတဲ့ မျောက်ချောရွာအနားမှာ ဖြစ်သွားတာ၊ ခြံ မီးလောင်တာကို မီးငြှိမ်းဖို့ အသွား လမ်းမှာ နင်းမိတယ်။ မိုင်းတွေက လမ်းမှာပဲ ထောင်ထားတာ။ ဆိုင်ကယ်ကတော့ ပျက်စီးသွားတယ်။ လူကတော့ နည်းနည်း ထိသွားတာလောက်ပဲ။ ဆိုင်ကယ်ထိသွားလို့ လူက သက်သာသွားပါ” ဟု ပြောသည်။

အလယ်စခန်းကျေးရွာအနီးတဝိုက်တွင် ဒေသခံတို့ လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံများ၊ သွားလာအသုံးပြုနေသည့် လမ်းများတွင်  မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲသည့် ဖြစ်စဉ် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလလယ်ကစပြီး ၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူ ထိခိုက်ဒဏ်ရာရမှုလည်း ရှိခဲ့သည်ဟု အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ဒေသခံ နိုင်အောင်ကြည်က “ခြံထဲမှာ၊ လမ်းပေါ်မှာ မိုင်းနင်းမိတဲ့ ဖြစ်စဉ် ဖြစ်ပြီး နောက်ပိုင်းမှာ လူတွေက ကြောက်ကြတာပေါ့။ တချို့ဆို ခြံ မသွားရဲကြတော့ဘူး။ တချို့ကလည်း ကြောက်ပေမယ့်လည်း မသွားလို့လည်း မရ၊ မလုပ်လို့လည်း မရ၊ သတိနဲ့ လုပ်နေကြရတယ်။ အခုလည်း ပေါက်ပြန်ပြီ။ မိုင်းတွေကို ရှင်းလင်းစေချင်တယ်”ဟု ပြောသည်။

အဆိုပါဒေသတဝိုက်မှာ KNU နှင့် NMSP တပ်ဖွဲ့များ လှုပ်ရှား သွားလာနေသည့် ဒေသဖြစ်ပြီး တခါတရံ မြန်မာ့တပ်မတော် တပ်ဖွဲ့များလည်း သွားလာလေ့ ရှိသည်ဟု သိရသည်။ ယင်းဒေသတွင် သစ်များ KNU ဘက်မှ ခိုးထုတ်နေမှုကြောင့်လည်း NMSP နှင့် KNU တပ်ဖွဲ့တို့အကြား အငြင်းပွားမှု ဖြစ်ပွားနေရာလည်း ဖြစ်ပြီး  မြေမြှုပ်မိုင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ ထောင်ထားခြင်း မဟုတ်ကြောင်း နှစ်ဖွဲ့စလုံးက ငြင်းဆိုထားသည်။

ရေဖြူမြို့ နယ်အတွင်း  မြေမြှုပ်မိုင်းကိစ္စကို ဖြေရှင်းနိုင်ရန် မွန်ပြည်သစ်ပါတီ (NMSP) က အစိုးရကို တင်ပြထားသလို  KNU နှင့်လည်း ညှိနှိုင်း ဆွေးနွေးနေသည်ဟု ဆိုသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...