သန့်မြတ်ခိုင် — ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ကဇူးကိုင်းအုပ်စု ဂျိတ်ချောင်းကျေးရွာအနီး မတ်လ ၂ ရက် ညနေက တိုက်ပွဲ တစ်နာရီခန့်အကြာ ဖြစ်ပွားရာ ရွာအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိသွားခဲ့သဖြင့် အမ်းမြို့နယ် ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိသွားသူမှာ ဂျိတ်ချောင်းကျေးရွာနေ မစောစောရီ ဖြစ်ပြီး ၀မ်းဗိုက်တွင် ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း ကဇူးကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“တိုက်ပွဲက ညနေ ၅ နာရီလောက်မှာ စ ဖြစ်တယ်။ ရွာအပြင်က လူတွေကို ရွာအလယ်မှာ စုတော့ အဲဒီအချိန်မှာ လက်နက်ကြီးကျည်စ မှန်သွားတယ်လို့ ပြောပါတယ်။ ဝမ်းဗိုက်မှာ ထိသွားပါတယ်။ အခု အမ်းဆေးရုံကို အချိန်မီ ပို့ဆောင်လိုက်ပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
ဒေသခံတစ်ဦးထံ မတ်လ ၂ ရက် ည ၇ နာရီခွဲခန့်က ဆက်သွယ်မေးမြန်းစဉ် “အခုကတော့ ရွာကနေ ကယ်ထုတ်လာပြီး အမ်းကို ယူသွားပါတယ်။ အဓိက ကျနော်တို့က အသက်ကို လုနေကြတယ်။ လူနာကလည်း လူးလှိမ့်နေတယ်လို့ ပြောပါတယ်။ ကဇူးကိုင်း အုပ်ချုပ်ရေးမှူး အကူအညီနဲ့ ဒီနေ့အမ်းဆေးရုံကို တိုက်ရိုက်ပို့တာပါ” ဟု ပြောသည်။







