ရသေ့တောင်မြို့နယ်တွင် လက်နက်ကြီးကျည် ရွာထဲ ကျ၊ မူဆလင် သားအဖ နှစ်ဦး ဒဏ်ရာရ

ရသေ့တောင်မြို့နယ်တွင် လက်နက်ကြီးကျည် ရွာထဲ ကျ၊ မူဆလင် သားအဖ နှစ်ဦး ဒဏ်ရာရ

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာအနီးတွင် မတ်လ ၃ ရက် နံနက်အစော ညဉ့်အချိန် တိုက်ပွဲ ဖြစ်ပွား၍ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့်  မူဆလင် သားအဖနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ အနောက်ပြင်ကျေးရွာမှ ဦးနော်ဘီဟုဆောင်း(၃၅)နှစ်နှင့် ၎င်း၏သား အိုဘာဆားလစ်(၁၆) နှစ်တို့ဖြစ်သည်။

မတ်လ ၃ ရက်အစော ညဉ့် ၁ နာရီခွဲခန့်က ရွာ အနောက်ဘက် မေယူမြစ်အတွင်း ရောက်ရှိနေသည့် တပ်မတော် ရေယာဉ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း၊ စစ်ရေယာဉ်ပေါ်မှ လက်နက်ကြီးများ ပစ်ခတ်သဖြင့် ရွာထဲတွင် တစ်လုံး ကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန်ကာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဒဏ်ရာရရှိသူ ဦးနော်ဘီဟုဆောင်းက နိရဥ္စရာသို့ပြောသည်။

“ညဉ့် ၁ နာရီကနေ စပြီးတော့ မြစ်နားမှာတိုက်ပွဲ အပြန်အလှန်ဖြစ်ခဲ့ပါတယ်။ မိနစ်အနည်းငယ် ဖြစ်ခဲ့တာပါ။ မြစ်ဘက်ကနေ လာတဲ့လက်နက်ကြီးကျည် အိမ်မှာရှိတဲ့သစ်ပင်ကိုထိပြီး အဲဒီကတစ်ဆင့် နေအိမ်လှေကားကိုလာထိတာ။ လှေကားကျိုးသွားပါတယ်။ နံရံတွေလည်း ပေါက်သွားတယ်။ အဲဒီကအစတွေ လာကျတာပါ” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် နော်ဘီဟုဆောင်း၏ နဖူးတွင် မစိုးရ ဒဏ်ရာ အနည်းငယ်ရှိသွားပြီး ၎င်း၏သားတွင် နှာခေါင်း မျက်စိအထက်တွင် ဒဏ်ရာ ရရှိသွားကြောင်း၊ ဒဏ်ရာမှာစိုးရိမ်ရသည့် အခြေအနေမရှိကြောင်း နော်ဘီဟုဆောင်းက ဆက်ပြောသည်။

“ကျနော်တို့က ပစ်သံကြားလို့ နေအိမ်ကနေထွက်ပြီးတော့ ပုန်းဖို့လုပ်နေကြတာ။ အဲဒီအချိန်မှာ အများကြီးပစ်တော့ ထွက်မပြေးနိုင်ဘဲ ကိုယ့်အိမ်မှာပဲ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ဝပ်နေကြတာ။ အဲလိုနေတဲ့အချိန်မှာ ကျတာပါ” ဟု ၎င်းက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ လက်နက်ကြီးကျည်စထိမှန်ပြီး အနောက်ပြင်ကျေးရွာမှ မူဆလင်သားဖနှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိသွားသည်ဟု ဒေသခံများပြောပြချက်အရ ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။

ဒေသခံကျေးရွာသားများက စစ်ရေယာဉ်ပေါ်ကပစ်သည်ဟု ပြောဆိုထားသည့်အတွက် မေးမြန်းတင်ပြရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးထံသို့ မတ်လ ၃ ရက် နံနက် ၁၀ နာရီခန့်တွင် နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...