ပစ်ခတ်တိုက်ခိုက်မှုများ ရှိသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်း ညှိနှိုင်း အဖြေရှာသွားမည် ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။
"NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အချို့နဲ့ တပ်မတော်အကြားမှာ မတော်တဆ ထိတွေ့ ပစ်ခတ်မှုလေးတွေ ရှိပါတယ်၊ ဒါတွေကို NCA အတိုင်း ဆွေးနွေးညှိနှိုင်းခြင်းနဲ့ ဆွေးနွေးအဖြေရှာသွားမှာ ဖြစ်ပါတယ် ” ဟု RCSS ဥက္ကဋ္ဌက ဆိုသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ ၂ ရက် နံနက်ပိုင်းက ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ၉ ကြိမ်မြောက် အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောဆိုသွားသည်။
NCA လက်မှတ်ရေးထိုးထားသည့် ကရင့်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့များနှင့် အစိုးရတပ်မတော်တို့အကြား မကြာသေးမီက တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
တစ်ဆက်တည်းမှာပင် ဗိုလ်ချုပ်ကြီး ယွက်စစ်က "ပြဿနာအသေးအမွှား၊ နားလည်မှုလွဲခြင်းတွေကြောင့် လက်ရှိ ချောမွေ့စွာ ရှေ့သို့ တဖြည်းဖြည်းချင်း ချီတက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထိအခိုက် အပွန်းအပဲ့ မခံစေရပါဘူး၊ မိမိတို့ဟာ NCA ပူးတွဲပိုင်ရှင်တွေဖြစ်လို့ NCA အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပါမယ်”ဟု ပြောခဲ့သည်။
မတ်လ ၃ ရက်နေ့အထိ ကျင်းပမည့် ယခုအစည်းအဝေးတွင် NCA စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ၈ ကြိမ်မြောက်ညှိနှိုင်းအစည်းအဝေး (JICM) သဘောတူညီချက် ၈ ရပ် ဖော်ဆောင်ရေး အစိုးရနှင့် တွေ့ဆုံဆွေးနွေးရာမှ ရရှိလာသော ရလဒ်များကို အဓိက ဆွေးနွေးသွားရန် ရှိသည်ဟုလည်း သိရသည်။ ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ / ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေး ကြိုတင်ပြင်ဆင်ထားမှုကိစ္စ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အစည်းအဝေး ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။
အစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင်လည်း မျက်စိဖွင့်နားစွင့်ထားကြရန် ဗိုလ်ချုပ်ကြီး ယွက်စစ်က သတိပေး ပြောဆိုသွားခဲ့သည်။
"လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးအခြေအနေတို့နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းချမှတ်ဖို့ လိုအပ်ပါတယ်၊ လက်ရှိ လွှတ်တော်အတွင်းမှာ ဆောင်ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်ကိုလည်း နားစွင့်ထားဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။
အဆိုပါ PPST အစည်းအဝေးကို NCA လက်မှတ် ရေးထိုးထားကြသည့် ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့များမှ ခေါင်းဆောင် ကိုယ်စားလှယ် ၅၀ ခန့် တက်ရောက်ကြသည်။







