ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်သုံးစွဲဖို့ အသင့်ဖြစ်ပြီ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်သုံးစွဲဖို့ အသင့်ဖြစ်ပြီ

ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှုဟာ တရုတ်ပြည်တွင်းမှာတင် မကတော့ဘဲ ကမ္ဘာအနှံ့ နေရာအများအပြားမှာ တောမီးလို မြန်မြန်ဆန်ဆန် ပြန့်နှံ့လာနေပါတယ်။ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေတဲ့ ကိန်းဂဏန်းတွေကလည်း ကြောက်ခမန်းလိလိပါပဲ။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိရထားတဲ့ အချက်အလက်တွေအရ ရောဂါပိုးကူးစက်ခံထားရသူ အရေအတွက်ဟာ တရုတ်ပြည်တစ်ခုတည်းမှာတင် ၇၈,၈၀၀ ရှိပြီး သေဆုံးသူက ၂,၈၀၀ နီးပါးဖြစ်သွားပြီလို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ တရုတ်နောက်က ဒုတိယလိုက်တာကတော့ တောင်ကိုရီးယား ဖြစ်ပါတယ်။ အဲဒီမှာ ကူးစက်ခံထားရသူ ၂၃၃၇ ဦးနဲ့ သေဆုံးသူ ၁၃ ဦး ရှိသွားပါပြီ။

တရုတ်ပြည်ပြင်ပမှာတော့ နိုင်ငံပေါင်း ၄၆ နိုင်ငံမှာ ကူးစက်မှုစုစုပေါင်း ၃၆၆၄ ဦး၊ သေဆုံးသူ ၅၇ ဦးရှိပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုကို ရပ်တန့်ဖို့အတွက် ကာကွယ်ဆေးတစ်ရပ်ကတော့ လိုအပ်နေပါပြီ။ ဗိုင်းရပ်စ်ကူးစက်မှု စတင်ချိန်ကတည်းက ကာကွယ်ဆေးအတွက် စမ်းသပ်ဆောင်ရွက်နေတဲ့ ပညာရှင်တွေ၊ ဆေးဝါးကုမ္ပဏီတွေလည်း အများအပြားရှိပါတယ်။ ခုတော့ မော်ဒန်နာလို့ခေါ်တဲ့ ဇီဝနည်းပညာကုမ္ပဏီတစ်ခုက သူတို့မှာ ဗိုင်းရပ်စ်ကာကွယ်ဆေး ရထားပြီဖြစ်ပြီး မကြာမီ လူနဲ့စမ်းသပ်ဖို့ အသင့်ဖြစ်တော့မယ်လို့ ကြေညာလိုက်ပါပြီ။

ဒီဆေးကို အမေရိကန်အစိုးရနဲ့ အမျိုးသား ဓာတ်မတည့်မှုနဲ့ကူးစက်ရောဂါတိုက်ဖျက်ရေး အဖွဲ့ထံ ပေးပို့ထားပြီလို့လည်း ဝေါလ်စထရိဂျာနယ်မှာ ဖော်ပြချက်တွေအရ သိရပါတယ်။

ယခုကာကွယ်ဆေးဟာ စင်းလုံးချောအောင်မြင်မယ်လို့ ပြောလို့မရသေးပါဘူး။ ဒီဆေးကို လူနဲ့စမ်းသပ်လို့ ဘေးကင်းရဲ့လား၊ တကယ်ကော ကာကွယ်နိုင်မှာလား၊ ဒီဆေးရဲ့ ကာကွယ်နိုင်မှုအာနိသင်က လူ့ကိုယ်ခန္ဓာထဲမှာ အချိန်ဘယ်လောက်ကြာကြာ ရှိမှာလဲ၊ ဘေးထွက်ဆိုးကျိုး ဘာတွေရှိနိုင်လဲ စတဲ့အချက်တွေ တိတိပပသိရဖို့အတွက်ကိုက စမ်းသပ်ချက်တွေ အများကြီးလုပ်ရဦးမှာဖြစ်ပါတယ်။ ပါရာစီတမောလိုဆေးမျိုးတောင် ဘေးထွက်ဆိုးကျိုး မကင်းတဲ့အတွက် ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးကိုသိရဖို့အတွက်လည်း အချိန်တစ်ခုတော့ စောင့်ရပါဦးမယ်။

(ဓာတ်ပုံ - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

ဒီဆေးဟာ အရွယ်ပေါင်းစုံကို ကာကွယ်ပေးနိုင်မှာလား ဆိုတာလည်း ရှိပါသေးတယ်။ လူငယ်နဲ့လူကြီး ကိုယ်ခံအားစနစ်ဟာ မတူပါဘူး။ လူငယ်တွေက ကိုယ်ခံအားပိုကောင်းပြီး လူကြီးတွေက အားနည်းတဲ့အတွက် ဖြစ်ပါတယ်။

စီအန်အန်သတင်းဌာနရဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာတော့ ဒီဆေးကို ဧပြီလလောက်မှ လူနဲ့စမ်းသပ်နိုင်မှာဖြစ်ပြီး အမှန်တကယ် သုံးစွဲနိုင်ကြောင်း အတည်ပြုတဲ့အဆင့်အထိ ရောက်ဖို့က နှစ်ချီကြာမြင့်နိုင်ခြေ ရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

ထည့်တွက်ထားရမယ့်အချက် တခြားအချက်တွေ ရှိပါသေးတယ်။ COVID-19 လို့ တရားဝင်နာမည်ပေးထားတဲ့ ဒီကိုရိုနာဗိုင်းရပ်စ်သစ် မပေါ်ခင် ရှေ့မှာ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစား ၄ မျိုးပေါ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ၄ မျိုးလုံးအတွက် ယခုအချိန်အထိ ကာကွယ်ဆေးမရှိသေးပါဘူး။

ဒီတော့ ကာကွယ်ဆေးအတွက်လည်း မျှော်လင့်ချက်ထားကြပါ။ မိမိဘက်က ခုချက်ချင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေဖြစ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့၊ ဖျား နာ ခြောင်းဆိုး အသက်ရှူကြပ်တဲ့ လက္ခဏာတွေ တွေ့ရင် နီးစပ်ရာ ဆေးရုံဆေးခန်းမှာ အမြန်သွားရောက်ကုသဖို့ စတဲ့အချက်တွေကိုလည်း မမေ့မလျော့လိုက်နာကြပါလို့ တိုက်တွန်းပါကြောင်း။

စောသန္တာအေး

(ကိုးကား - CNN, India Times, Wall Street Journal, WHO, BBC)

 ဧရာဝတီတိုင်းတွင် စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီတပ်အား ၂၀၁၈ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- CINCDS
February 4, 2026
စစ်ကောင်စီသည် ဧရာဝတီ- ရခိုင် ကမ်းရိုးတန်းလမ်းကနေ အာရက္ခတပ်တော်ထိန်းချုပ်ရာ ဂွမြို့နယ်သို့...
မြောက်ဦးဆေးရုံဗုံးကြဲမှုအတွင်း သေဆုံးသွားသူမိသားစုဝင်အား တွေ့မြင်ရစဉ်။
February 3, 2026
ရခိုင်တွင် စစ်ကောင်စီကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်နေပြီး ပြီးခဲ့သည်...
ဓာတ်ပုံ - Arakan Students’ Union
February 2, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ပြည်တွင်းနေ လူမှုသဟဇာဖြစ်စေရေးအတွက် လူမျိုးပေါင်းစုံ ချစ်ကြည်ရေး...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...