ကျောက်တော် - ပလက်ဝသွား စက်လှေပေါ်မှ လူ ၆ ဦး အဖမ်းခံရပြီး ဆန်အိတ်အများအပြား သိမ်းဆည်းခံရ ဆို

ကျောက်တော် - ပလက်ဝသွား စက်လှေပေါ်မှ လူ ၆ ဦး အဖမ်းခံရပြီး ဆန်အိတ်အများအပြား သိမ်းဆည်းခံရ ဆို

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာမှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် သို့ ပြေးဆွဲနေသည့် စက်လှေ တစ်စီးကို  ဖေဖော်ဝါရီ ၂၆ ရက်နေ့က တင်းမကျေးရွာအနီးတွင် စခန်းချထားသည့် စစ်တပ်က တားဆီးပြီး  လူ ၆ ဦးကို ဖမ်းဆီးကာ ဆန်အိတ် တစ်ရာကျော်နှင့် အရက်ပုံးများကို သိမ်းဆည်းသွားကြောင်း စက်လှေပိုင်ရှင်က ပြောသည်။

သိမ်းဆည်းခံရသည့် ဆန်အိတ်များမှာ  သိန်း ၂၈ သိန်း တန်ဖိုးရှိသည့် ၂ တောင်းကန်အိတ် ၆၀၊ ၄ တောင်းကန်အိတ် ၁၁၀ နှင့် ဒေသခံ အမျိုးသမီးများရောင်းချရန် ယူလာသည့် သိန်း ၇၀ ဖိုးခန့် တန်ဖိုးရှိသည့်  ချက်အရက် ပုံး ၂၄၀ တို့ဖြစ်ကြောင်း စက်လှေပိုင်ရှင် ဦးကျော်သန်းက ပြောသည်။

စက်လှေပေါ်တွင် ကျား ၇ ဦး၊ မ ၁၃ ဦးတို့ ပါရှိသည်ဟု သိရသည်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့က နေ့လယ် ၁ နာရီခန့်က ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှ ပလက်ဝမြို့နယ် နှမဒါကျေးရွာသို့ မောင်းနှင် လာစဉ် တင်းမကျေးရွာအနီး တောင်ပေါ်စခန်းမှ တားဆီးပြီး ဆန်အိတ်များကို သိမ်းဆည်းကာ လူ ၆ ဦးကို ဖမ်းဆီးထားလိုက်သည်ဟု ၎င်းက ဆိုသည်။

အဖမ်းခံထားရသူများမှာ ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှ ဦးထွန်းရွှေ (၅၇) နှစ်၊ ဦးကွန်ချုပ် (၃၄) နှစ်၊ ကျောက်တော်မြို့မှ ဦးအေးသိန်းမောင် (၄၀) နှစ်၊ ပလက်ဝမြို့နယ် ဒိုးချောင်းဝ ကျေးရွာမှ ဦးအောင်ကျော်ညွှန့် (၄၂) နှစ်၊ ဦးအောင်သန်းနု (၂၂) နှစ်နှင့် ကျောက်တော်မြို့နယ် ပြိုင်းတိုင်းကျေးရွာမှ ကျေးရွာသားတစ်ဦးတို့ဖြစ်ကြောင်း ၎င်းက ပြောသည်။

စက်လှေပိုင်ရှင် ဦးဦကျော်သန်းက “ ကျွန်တော်က ပလက်ဝမြို့နယ်ကပါ။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပလက်ဝကနေ ကျောက်တော်ကို ကုလားတန် မြစ်ကြောင်း အတိုင်း စက်လှေနဲ့ ဆင်းပါတယ်။ သစ်တွေကို ကျွန်တော်စက်လှေနဲ့ အငှားသယ်တာပါ။ အဲဒီ တင်းမ စခန်းချထားတဲ့ နေရာကို ရောက်တော့ ကျွန်တော်တို့ကို စစ်ပါတယ်။ မှတ်ပုံတင်တွေ ထုတ်ပြရပါတယ်။ အဲဒီမှာ တာဝန်ကျတဲ့ ဗိုလ်ကြီးကို ပလက်ဝမြို့နယ်ကို ဆန်တွေ ဘာတွေ သယ်လို့ ရမလားလို့ ကျွန်တော်က မေးပါတယ်။ ဆန်အိတ် ၁၀၀ လောက်သယ်ချင်တယ်လို့ ပြောပါတယ်။ အဲဒီက ဗိုလ်ကြီးက ပလက်ဝမြို့နယ်မှာ လူထုတွေ ဒုက္ခရောက်နေကြတယ်။ သယ်လို့ ရပါတယ် ဦးလေးလို့ ပြောပါတယ်။ တပ်မတော်က တားထားတာမဟုတ်ဘူး။ အေအေက တားထားတာသာ ဖြစ်ပါတယ်။ လူထု အတွက်ယူလို့ ရပါတယ်လို့ ပြောပါတယ်။ ဒီလို ခွင့်ပြုပေးတာကြောင့် မနေ့က ဆန်အိတ် ၁၇၀ စက်လှေနဲ့ တင်ယူလာပါတယ်။ အဲဒါ သူတို့က ဆန်အိတ်တွေကို စက်လှေပေါ်ကနေ ကုန်းပေါ်တင်ခိုင်းပြီး အထက်က သွားခွင့်မပြုဘူးဆိုပီး ဆန်တွေကို သိမ်းထားလိုက်ပါတယ်။ အမျိုးသမီးတွေရဲ့ အရက်တွေကိုလည်း သိမ်းထားလိုက်ပါတယ်။ တပ်မ ၅၅ နဲ့ ၁၁ က တင်းမနားက ကုန်းပေါ်မှာ စခန်းချနေတဲ့ တပ်တွေက ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းအား ည ၈ နာရီကျော်မှ အမျိုးသမီး ၁၃ ဦးနှင့် အတူ စက်လှေဖြင့် ပြန်လွှတ်လိုက်ကြောင်း၊ ညဉ့်အချိန် ကုလားတန်မြစ်အတိုင်း မီးမထွန်းဘဲ ကြောက်ကြောက်လန့်လန့် မောင်းလာခဲ့ရကြောင်း၊ မာလာရွာကို ညဉ့် ၉ နာရီကျော်တွင် ရောက်ပြီး တစ်ညအိပ်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံထားရသူ ဦးထွန်းရွှေ၏ တူတော်စပ်သူ ကိုကျော်အေးက “ ဖုန်းတွေ အကုန်လုံး သိမ်းထားပါတယ်။ ကျွန်တော့်ဦးလေးလည်း ပါသွားပါတယ်။ အခုထိ ဆက်သွယ် မရသေးဘူး။   သူက နှမဒါမှာ ဆေးဆိုင်ဖွင့်ထားတာပါ။ ဆေးရောင်းဖို့ နှမဒါကို အပတ်တိုင်း သွားပါတယ်။ အဲဒီမှာ ကြားမှာ ရှိတဲ့ တင်းမရွာမှာ ရှိတဲ့ စစ်တပ်က ဖမ်းထားတာပါ။ ၅၅ တပ်ရင်းက ဖမ်းထားတာပါ။ စက်လှေနဲ့ သွားတာ။ အဲဒီစက်လှေမှာ လူသုံးကုန် ပစ္စည်းတွေ အများကြီး ပါပါတယ်။ ဆန်အိတ်တွေကလည်း ၁၀၀ ကျော်လောက်ပါပါတယ်။ တစ်ပတ်ကို ၂ ရက်ဆွဲ နေတာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

 “ကျွန်တော်တို့မှာ ဆန်အိတ် အကြီး၊ အငယ် ၁၇၀ ကျော်နဲ့ အရက်ဗူးကြီးက ၂၀၀ ကျော် သူတို့ ယူထားလိုက်ပါတယ်။ တခြား ဟင်းသီးဟင်းရွက်တွေလည်း သူတို့ ငွေပေးပြီး ဝယ်တာဝယ်တယ်။ ယူထားတာ ယူထားခဲ့ကြပါတယ်။ အဖမ်းခံထားရတဲ့ သူတွေထဲမှာ လူကြီး၊ လူငယ် ရောပြီးဆိုတော့ သူတို့က အမျိုးသားရေး ကိစ္စမှာ ဓါးစာခံ လုပ်ဖို့ ဖမ်းထားလိုက်မှန်းလည်း မပြောတတ်ပါဘူး။ တပ်မ ၅၅ နဲ့ ၁၁ ရောပြီး ဖမ်းတာပါ။ ပြိုင်းတိုင်းရွာက တစ်ယောက်ရဲ့ နာမည်ကိုတော့ ကျွန်တော်လည်း မမှတ်မိတော့ဘူး”ဟု စက်လှေပိုင်ရှင် က နိရဥ္စရာသို့ ပြောသည်။

စက်လှေပိုင်ရှင် ဦးကျော်သန်းနှင့် တခြား အဖမ်းခံခဲ့ရသူများအား ဓါတ်ပုံရိုက်ခြင်းများ၊ မှတ်ပုံတင် များကို စစ်ဆေးခြင်း၊ စက်လှေအား တိုင်းတာခြင်းများ၊ ဖုန်းများအား စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ကျန်အဖမ်းခံနေရသည့် လူ ၆ ဦးအား ကြိုးနှင့် ချည်ထားကြောင်း  ဦးကျော်သန်းက ဆက်ပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ရွာသားတွေ ကျွန်တော့်ဆီ သတင်းပို့လို့ ကျွန်တော်လည်း သိရပါတယ်။ အဲဒီမှာ ဖမ်းထားတဲ့ လူ ၆ ယောက်ကို မနေ့ညကတည်းက တင်းမရွာရဲ့ အထက်ပိုင်းဖြစ်တဲ့ တောင်တန်းတွေရှိတဲ့ဘက်ကို ခေါ်သွားတယ်လို့ ပြောပါတယ်။ လောလောဆယ် အဲဒီမြေပြင်နဲ့ နီးစပ်တဲ့ ကျေးရွာတွေကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။ ဘာအခြေနေရှိနေလဲဆိုတာကို မသိရသေးတော့ ဘာဆက်လုပ်ရမလဲဆိုတာ မသိဘူး ဖြစ်နေပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...