ပလက်ဝမှ ကျောက်တော်သို့ လာသည့် စက်လှေ သေနတ်ပစ်ခံရ၍ ခရီးသည် ၄ ဦး ဒဏ်ရာရ

ပလက်ဝမှ ကျောက်တော်သို့ လာသည့် စက်လှေ သေနတ်ပစ်ခံရ၍ ခရီးသည် ၄ ဦး ဒဏ်ရာရ

သန့်မြတ်ခိုင်၊ ချစ်အိလှိုင် — ချင်းပြည်နယ် ပလက်ဝမြို့မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ဖေဖော်ဝါရီ ၂၇ ရက်က မောင်းနှင်လာသည့် စက်လှေ တစ်စီး   လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခံရ၍ ခရီးသည် အမျိုးသား ၃ ဦး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူများမှာ စက်လှေပေါ်ပါလာသူ အသက် ၂၉ နှစ်အရွယ် ကိုကိုမောင်၊ အသက် ၃၀ အရွယ် မင်းအေးထွန်း၊ အသက် ၃၆ နှစ်အရွယ် ခင်မာဖြူနှင့် တစ်ခြားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက် နံနက်မှ စပြီး တင်းမကျေးရွာ အရှေ့ဘက် တောင်တန်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ် တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု သိရသည်။

ဒဏ်ရာရရှိသွားသူ ၄ ဦးထဲမှ စက်လှေမောင်းသူ မင်းအေးထွန်းဆိုသူမှာ ခြေသလုံးကို ထိသွားပြီး  သွေးထွက်ကာ ဒဏ်ရာ ပြင်းထန်ကြောင်း စက်လှေပေါ် ပါလာသူများက ပြောသည်။

စက်လှေပေါ်ပါလာသည့် မနန်းနန်းဆိုသည့် အမျိုးသမီးက “ပလက်ဝက ၈ နာရီလောက်က ထွက်လာတယ်။ မီးဝနဲ့  ပလက်ဝကြားထဲမှာရောက်တာလည်း အေးဆေးပါ။ အောက်ပိုင်းမှာ ပစ်နေကြတယ် လို့ကြားပါတယ်။ စက်လှေပိုင်ရှင်မက မနေ့ကဖုန်းဆက်ထားပါတယ်။ မပစ်ပါလို့ပြောပါတယ်။ စက်လှေပိုင်ရှင်က ပြောတယ်။ ကျွန်မတို့စက်လှေနဲ့ကပ်ပြီး ဘေးနားက ဆီပေပါခွံတွေ တင်လာတဲ့ စက်လှေတွေနဲ့ ဆန်အိတ် အခွံတွေ တင်လာတဲ့ တစ်စီးလည်း ပါတယ်။  ၄စီးကပ်ပြီး သွားနေကြတာ။ တင်းမနားမှာရောက်တာနဲ့ ၁၂ နာခွဲလောက်ရှိပါပြီ။ တင်းမနဲ့ကိုရောက်တာနဲ့စလို့ပစ်တာပါ။ မိုးရွာသလိုမျိုး ရွာပစ်လိုက်တာပဲ။ စက်လှေပေါ် ကမ်းနားကပ်လို့ထိုင်တဲ့အစ်ကိုမှာ ဂျိုင်းနားက ရှပ်သွားတယ် ကျောမှာလည်း ရှပ်သွားတယ်။ ကိုကိုမောင်ပါသူ ၂၉ နှစ်ပါ။ စစ်တွေကပါ။ ပလက်ဝက စက်လှေမောင်းတဲ့ လူမှာလည်းခြေသလုံး ပေါက်ထွက်သွားတယ်။ နောက်တစ်ယောက် ကခင်မာဖြူပါ။ သူ့မှာတင်သားမှာရှပ်ထိသွားတယ်။ နောက်တစ်ယောက် နာမည်လည်းမရဘူး။ ရှပ်ထိသွားတယ် အသားပဲ့ပါသွားတယ် ကျောတွေ၊ တင်ပါးတွေမှာပါ။ စိုးရိမ်စရာလူက စက်လှေမောင်းတဲ့သူပါ။ ကျွန်မတို့လည်း ဝပ်လို့လာရတဲ့ အတွက် သိပ်ပြီးဘယ်နေရာထိလည်း အတိအကျမသိဘူး။ တင်းမနားကတောင်ထက်ကပစ်တာ။ အစ်ကိုတစ်ယောက်ကတော့ စစ်တပ်ကပစ်တာလို့ပြောတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ငန်းတောင်အရှေ့ဘက် ဝါခုတ်ချောင်းထဲတွင် ဖေဖော်ဝါရီ ၂၇ နံနက်ပိုင်း ၇ နာရီခွဲကနေစတင်ပြီး တိုက်ပွဲအပြန်လှန်ဖြစ်ပွား နေခြင်ကြောင်း၊ နံနက် ၁၁ နာရီခန့်တွင် စစ်ရဟတ်ယာဉ် ၃ စီးဖြင့် လာရောက်ပစ်ခတ်ကြောင်း မီးဝကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။

“ငန်းတောင်အရှေ့ဘက်မှာတိုက်ပွဲြဖစ်နေတယ်။ မနက်ကတည်းက။ အဲဒီတိုက်ပွဲမှာ လေယာဉ် ၃ စီးနဲ့လာပစ်ပြီးပြန်သွားတယ်။  ရဟတ်ယာဉ် နဲ့ အခုလည်းလာပစ်နေတယ်။ အခုက ၂ စီးနဲ့လာပြီး ပစ်နေတယ်။ စက်လှေကို ပစ်တာက ငန်းတောင်က ပစ်တာ။ အဲဒီတောင်ပေါ်မှာ စစ်တပ်ရှိပါတယ်။ အဲဒီကနေ ပလက်ဝက ဆင်းလာတဲ့ စက်လှေကို ပစ်တာပါ ” ဟု ယနေ့ နေ့လယ် ၂ နာရီခန့်က ဆက်သွယ်မေးမြန်းစဉ် ၎င်းက ပြောသည်။ယခု ဒဏ်ရာရသူများမှာ ကျောက်တော်သို့ စက်လှေအတူ လာနေပြီး လမ်းတွင် ရှိနေသေးသည်ဟု ဆက်သွယ်စဉ် ပြောဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းတင်ပြင်ရန် ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်ထံသို့ ဆက်သွယ်ခဲ့ရာ ၎င်းမှာ အခြားတစ်နေရာသို့  တာဝန်ပြောင်း ကျသွားပြီဟု ပြန်လည် ဖြေကြားသည်။

တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပလက်ဝကလာသည့် လိုင်းစက်လှေပစ်ခတ်ခံခဲ့ရသည့် ဖြစ်စဉ်အား အသေးစိတ်မေးမြန်းတင်ပြရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မ ှပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ထံသို့ ယနေ့ နိရဥ္စရာသတင်းဌာနမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါ။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...