ကန်ပက်လက်တွင် အဓမ္မပြုကျင့်မှုဖြင့် ရဲတိုင်သော်လည်း ရဲမှ အမှုမဖွင့်ပေး

ကန်ပက်လက်တွင် အဓမ္မပြုကျင့်မှုဖြင့် ရဲတိုင်သော်လည်း ရဲမှ အမှုမဖွင့်ပေး
by -
ချင်းဝေါလ်
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် အဓမ္မပြုကျင့်ခံရမှုအတွက် အမှုဖွင့်သော်လည်း ရဲစခန်းမှ သက်သေမရှိဟူ၍ အမှုမဖွင့်ပေးခဲ့ပြီး၊ လက်ရှိတွင် ကန်ပက်လက်မြို့နယ်ရဲစခန်းမှ အမှုအားလက်ခံကာ အမှုဖွင့်ပေးထားသည်ဟု သိရသည်။

လွန်ခဲ့သည့် ၂၀၁၆ ဇွန်လ ၂၁ ရက်နေ့တွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်းတွင် အလိုမတူပဲ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး၊ ထိုဖြစ်ရပ်အား ကျင်ဒွေးရဲစခန်းတွင် အမှုဖွင့်ခဲ့သော်လည်း ကျင်ဒွေးရဲစခန်းမှ သက်သေခိုင်လုံမှုမရှိဟု နှစ်ကြိမ်တိုင် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

အမှုဖွင့်သူ တရားလိုဖြစ်သော ဒေါ်….. (အသက် ၄၀) မှ “ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက ရဲချောင်းရွာက သမီးဖြစ်သူရဲ့ ကျောင်းပြောင်းလက်မှတ်ယူဖို့ လဲပုံကျေးရွာဘက်ကို သွားရင်းနဲ့ အပြန်လမ်းမှာ ဖြစ်တာပါ။ လမ်းကြံုတာနဲ့ တရွာတည်းသား ကိုမြင့်လွင်နဲ့ အတူသွားခဲ့ကြပါတယ်။ တရွာတည်းမှာ (၁၀) နှစ်လောက် အတူတူနေခဲ့ကြတာဆိုတော့ ယုံကြည်တာလည်း ပါပါတယ်။ အပြန်လမ်းမှာသူ ရုတ်တရက် ဓါးနဲ့ထောက်ပြီး၊ အတင်းအဓမ္မပြုကျင့်ခဲ့ပါတယ်။ ကျမဆံပင်တွေကိုလည်းဆွဲနဲ့ တော်တော်လေး နာကျင်ခံစားရပါတယ်။ အဲဒီအချိန်မှာ သူကမူးတာတွေဘာတွေလည်း မရှိပါဘူး။ ပြီးတော့ ဘယ်သူမှ မပြောရဘူး။ ရဲကိုလည်း မတိုင်ရဘူး။ တိုင်ရင် သတ်မယ်ဆိုပြီးတော့လည်း ခြိမ်းခြောက်ပါတယ်။ အဲဒါ ကျင်ဒွေးရဲစခန်းမှာ သွားတိုင်တော့ သက်သေလည်း မရှိပဲနဲ့ အမှုဖွင့်လို့ မရဘူးဆိုပြီး ငြင်းခံခဲ့ရပါတယ်။” ဟုပြောသည်။

ထိုအမှုအား လိုက်လံကူညီဆောင်ရွက်ပေးနေသော ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ Chin Women Development Organization (CWDO) မှ Mai Naomi Thang မှ “ဒီဖြစ်ရပ်မှာ ရဲက အခင်းဖြစ်ပွားတဲ့နေရာအထိလည်း မသွားနိုင်ပဲနဲ့ သက်သေမခိုင်လုံဘူးဆိုပြီး အမှုဖွင့်ခွင့်မရဘူး။ လိမ်လည်မှုဆိုပြီး ပြန်လွှတ်ခဲ့တာ တွေ့ရတယ်။ အမှန်ဆို အမျိုးသမီးလိမ်လည်နေခဲ့ရင်တောင်မှ ရဲက အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးပေးရမှာ ဖြစ်တယ်။ နောက်ပြီး- ဒီနေ့ ဖေဖော်ဝါရီလ (၈) ရက်မှ ကျမတို့ CWDO က လေးယောက် ကြားနာမှုကို သွားနားထောင်ဖို့သွားပေမယ့်၊ အထဲမှာ သူတို့ပြောတာတွေ နားထောင်ခွင့်၊ ကြားနာခွင့်မရခဲ့ပါဘူး။ ဒါကလည်း ပွင့်လင်းမြင်သာမှု မရှိတာမျိုးပါ။ ” ဟု ပြောသည်။

ကျင်ဒွေးရဲစခန်းမှ အမှုဖွင့်ခွင့်မပြုသော ထိုဖြစ်ရပ်အား ကန်ပက်လက်မြို့ရဲစခန်းမှ ၂၀၁၆ နိုဝင်ဘာလတွင် အမှုဖွင့်ခွင့်ပြုပြီး လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်လည်း ရုံးချိန်းရှိသည်ဟု သိရသည်။ တိုင်ကြားခံထားရသူ ကိုမြင့်လွင်ဆိုသူမှာ လက်ရှိတွင် ကန်ပက်လက်မြို့နယ် ရဲစခန်းတွင် အချုပ်နှောင်ခံထားရသည်။

တရားလိုဖြစ်သူမှ “ဒီနေ့ ကန်ပက်လက်ရုံးချိန်းမှာတောင် ကျင်ဒွေးရဲစခန်းမှူးက ဘာသက်သေမှ မခိုင်လုံဘူးဆိုပြီး ထပ်ပြောပါတယ်။ ကျမက ဘာငွေကြေးမှ မလိုချင်ဘူး။ ဒါပေမယ့် အမှန်တရားအတွက် ဥပဒေအတိုင်း ဆောင်ရွက်ဖို့ပဲ လိုချင်တယ်။ လာမယ့် ၁၇ ရက်နေ့မှာ အမှုပြန်ချိန်းထားကြတယ်။ ကန်ပက်လက်အမျိုးသမီးအဖွဲ့တွေကလည်း ကူညီနေကြတဲ့အတွက် အမှန်အတိုင်း ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်” ဟုပြောသည်။

၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းပြီး၊ လက်ရှိတွင် အဖွဲ့ဝင် (၈၀) ခန့်ရှိသော Chin Women Development Organization မှ မိုင်နောမီထန်းမှ “တရားရေးရုံးတွေမှာ ကျေးရွာဒေသက အမျိုးသားနဲ့ အမျိုးသမီးအသိပညာ အားနည်းတာခြင်း အတူတူတောင်မှ အမျိုးသားတွေရဲ့ လည်လည်ဝယ်ဝယ်ပြောတတ်တာကြောင့် အမျိုးသမီးတွေမှာ တရားရုံးတွေမှာလည်း နစ်နာမှုတွေကြံုတွေ့ရလေ့ရှိတယ်။ ဒါကြောင့် ကျမတို့က ကျေးရွာတွေအထိ သွားပြီး အမျိုးသမီးဘဝ လုံခြံုရေးနဲ့ ပတ်သက်တဲ့ဥပဒေအကြောင်းတွေကို ဟောပြောပွဲတွေလုပ်နေကြပါတယ်။ ဒီတရားလိုအမျိုးသမီးက အသက် (၄၀) အရွယ်၊ သားသမီး (၇) ဦးရဲ့ မိခင် မုဆိုးမတယောက်ပါ။” ဟု ဆိုသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...