တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် စီးပွားကူးသန်းဝန်ကြီးဦးဆောင်သောအဖွဲ့သည် ပြည်နယ် အဆင့် တာဝန်ရှိသူများ၊ စီးပွားရေးဇုန်မှ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
၎င်းပြင် အထူးစီးပွားရေးဇုန်နှင့်ပတ်သက်ပြီး ဒေသခံအချို့၏သဘောထားကို လေ့လာမေးမြန်းခြင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကန္ဒီးကျေးရွာအုပ်စု၊ မင်းတက်တောင်ကျေးရွာမှ ရွာသားနှစ်ဦးအား အထူးစီးပွားရေးဇုန် အပေါ် ဘယ်လို သဘောထားကြောင်း၊ စီးပွားရေးဇုန်နှင့် ပတ်သက်ပြီး ဒေသခံများက ၀မ်းမသာကြဘူးလားဟု မေးမြန်းကြောင်း အမေးခံရသူ ဒေါ်မကြည်က နိရဥ္စရာသို့ ပြောသည်။
‘‘ကျွန်မတို့ ပြန်ဖြေတာက ထိခိုက်နစ်နာဆုံးရှံူးမှုတွေကို ထိုက်ထိုက်တန်တန် လျော်ကြေးမရရင်တော့ ၀မ်းမသာနိုင်ဘူး။ လုပ်ကိုင်စားသောက်နေတဲ့ မြေယာတွေ ပျက်စီးဆုံးရှံုးသွားရင် ၀မ်းမသာနိုင်ဘူးလို့ ပြန်ဖြေဆိုလိုက်ပါတယ်” ဟု သူမက ပြောဆိုသည်။
အထူးစီးပွားရေးဇုန် ဖြစ်လာလျှင် ဒေသခံများ အနေဖြင့် အလုပ်အကိုင် အခွင့်အလန်းများ ရရှိလာမည် ဖြစ်ကြောင်း ယူနန်ပြည်နယ် စီးပွားကူသန်းဝန်ကြီးက ပြောဆိုခဲ့သည်ဟု ဆိုသည်။
“ ဒီအပေါ်မှာတော့ ကျွန်မတို့ ဒေသခံတွေက သိပ်မမျှော်လင့်ဘူးလို့ပြောလိုက်ပါတယ်။ ရွှေသဘာဝ ဓာတ်ငွေ့ စတင်လုပ်တုန်းကလည်း ဒေသဖွံ့ဖြိုးတိုးတက်ပြီး ဒေသခံတွေ အလုပ်ရမယ်ဆိုပြီး မက်လုံးပေး စည်းရုံးပြီးတယ်။ တကယ် စီမံကိန်းကျတော့ ထမင်းချက်က အစ ကားမောင်းသူတွေကိုပါ ပြည်မက ခေါ်လာပါတယ်။ ဒါကြောင့် အလုပ်ရမယ်လို့ သိပ်မထင်ဘူး။ အခုလည်း အမှိုက်လှဲတဲ့ အဆင့် အလုပ်တွေကိုတောင် ရမယ် မထင်ပါဘူးလို့ ပြောလိုက်ပါတယ်” ဟု သူမ ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံခြားမှ လာရောက် ရင်းနှီးမြုပ်နှံသော စီမံကိန်းများတွင် ဒေသခံများ အနေဖြင့် အကျိုးတစ်စုံတစ်ရာခံစားခွင့် မရရှိသည် အပြင် လယ်မြေများပျက်စီးဆုံးရှုံးရသည်သာမက သဘာဝ ပတ်ဝန်းကျင်များပါ ထိခိုက်မှုများရှိနေသည်ဟု သူမက ပြောဆိုသည်။
အထူးစီးပွားရေးဇုန်စီမံကိန်းပြုလုပ်လာပါက အလုပ်အကိုင်ရရှိရေးအတွက် သင်တန်းများ စီစဉ်ပေးမည် ဖြစ်ကြောင်း၊ လယ်မြေများ ထိခိုက် နစ်နာမှုအတွက် ထိုက်သင့်သော နစ်နာကြေး လျော်ကြေးများကို ပေးမည်ဟု ယူနန်ပြည်နယ် စီးပွားကူးသန်းဝန်ကြီးမှ ပြန်လည်ပြောဆိုခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
လူပေါင်း(၃၀)ခန့်ပါ၀င်သော စီးပွားကူးသန်းဝန်ကြီးအဖွဲ့သည် နေ့လည်(၂)နာရီခန့်တွင် မင်းတက်တောင်ကျေးရွာသို့ ရောက်ရှိလာပြီး (၃)နာရီခန့်တွင် တစ်ခြားကျေးရွာအချို့ကို သွားရောက်ခဲ့ကြောင်းသိရသည်။







