ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း ပြန်လွတ်လာသည့် ကချင် တရားဟောဆရာနှစ်ဦး ပြော

ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း ပြန်လွတ်လာသည့် ကချင် တရားဟောဆရာနှစ်ဦး ပြော

ဖမ်းဆီးထိန်းသိမ်းခံထားရာမှ ပြန်လည် လွတ်မြောက်လာသည့် ကချင် ဓမ္မအမှုတော်ဆောင် ဆရာ နှစ်ဦးက ၎င်းတို့အနေဖြင့် မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ နှင့်ပတ်သက်သည့် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန် လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ပြောသည်။

လွတ်မြောက်လာသူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)မှ ဓမ္မအမှုတော်ဆောင်၊ ဂျော်ဘွမ်ဆုတောင်းတောင် တာဝန်ခံ သိက္ခာတော်ရ ဆရာ ဦးဘီမာဒေါင်လွမ်းက “ကျွန်တော့်အနေနဲ့ကျတော့ အဲဒီ ၁၇/၁ က လုံး၀ မမြောက်ဘူးလို့ ထင်တာပဲ ။ ကျွန်တော်တို့ တရားရုံး ရောက်လည်း ပြန်လွတ်မယ်လို့ အဲဒီလို ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ၁၇/၁ နဲ့ ပတ်သက်တဲ့ အလုပ် ဘာမှ မလုပ်ဘူးလေ” ဟု ပြောသည်။

ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသည့် နှစ် ၆၀ ပြည့် ကချင် တော်လှန်ရေးနေ့အခမ်းအနားနှင့် ပတ်သက်၍ သိက္ခာတော်ရဆရာ ဦးဘီမာဒေါင်လွမ်းနှင့် KBC မှ လူငယ်တာဝန်ခံ ဓမ္မအမှုတော်ဆောင် ဆရာတူးထန်တို့ကို ဖေဖော်ဝါရီ ၆ ရက်တွင် ပုဒ်မ ၁၇/၁ ဖြင့် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းကာ တရားစွဲဆိုခဲ့သည်။ တရားစွဲဆိုမှုကို တပ်မတော်က ရုတ်သိမ်းလိုက်ပြီးနောက် တရားဟောဆရာနှစ်ဦး ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ နားလည်တာကျတော့ KIO ကို ရိက္ခာ ပို့တာတို့၊ လက်နက် ဝယ်ပေးတာတို့၊ အဲဒီလိုမျိုး တစ်ခုခုပေါ့နော်၊ ကူညီပေးတဲ့ လူကို အဲဒီလိုပဲ၊ ထင်တယ်။ ကျွန်တော်က အဲဒီလိုပဲ ထင်တယ်၊ လုံးဝ ဆက်စပ်မှု မရှိဘူး။ ရုံးရောက်ရင်လည်း ကျွန်တော်တို့က ပြန်လွတ်မှာပဲလို့ပဲ ထင်တာပေါ့”ဟု ဆိုသည်။

၎င်းတို့အနေဖြင့် ကချင်တော်လှန်ရေးနေ့က ပြဇာတ်တင်ဆက်မှုအစီအစဉ်တွင် ဦးဆောင်သူများ မဟုတ်သကဲ့သို့ ပါဝင်ခဲ့ခြင်းလည်း မရှိပေ။ အဆိုပါအစီအစဉ်ကို ဦးဆောင်သည့် အဖွဲ့မှာ ကချင်အတိုင်ပင်ခံအဖွဲ့ ဖြစ်သည်ဟု ဆိုသည်။

“ဒီ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်က ကျူးလွန်မှု ဘာမှ မရှိပါဘူး။ ကျွန်တော်က ဂျော်ဘွမ်ဆုတောင်းတောင် တာဝန်ခံ၊ အဲဒီည ၄ နာရီနဲ့ ၆ နာရီကြားမှာ ကျွန်တော်တို့ စတိတ်ရှိုး ရန်ပုံငွေရှာဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော့်သူငယ်ချင်း ဆရာတူးထန်ဆိုရင် အဲဒီ စတိတ်ရှိုးမှာ လူငယ်တွေကို ဦးဆောင်ပြီးမှ စတိတ်ရှိုးဖြစ်မြောက်ရေးကို ဦးဆောင်တာပါ” ဟု သိက္ခာတော်ရ ဆရာ ဦးဘီမာဒေါင်လွမ်းက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဘီမာဒေါင်လွမ်းက “ကချင်အတိုင်ပင်ခံအဖွဲ့ WMR က ဆုတောင်းပွဲ လုပ်မယ်ဆိုလို့ ကျွန်တော်တို့က ခွင့်ပြုလိုက်ရတာ။ အဲဒါ သူတို့ အဲဒီဆုတောင်းပွဲမှာ သူတို့ ဘာအစီအစဉ်ရှိမှန်းလည်း ကျွန်တော်တို့ မသိဘူး။ သူတို့အစီအစဉ်လည်း ကျွန်တော်တို့ တွေ့ တယ်။ ဒါပေမယ့် အစီအစဉ်ထဲမှာ ပြဇာတ်လည်း မပါပါဘူး။ အဲဒီတော့ စစ်တပ်က ဒီအကြောင်းကို ကြားပြီးမှ လုပ်တဲ့ ဂျော်ဘွမ်နေရာကို သူတို့ နယ်မြေရှင်းလင်းမှု လာတယ်။ အဲဒီအချိန်မှာ လုပ်တဲ့အဖွဲ့ကို မမြင်တော့ ရှိတဲ့ အဖွဲ့ကို ခေါ်သွားတာပေါ့” ဟု ဆက်ပြောသည်။

၎င်းတို့ လွတ်မြောက်ရန်အတွက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၊ ကချင်အတိုင်ပင်ခံအဖွဲ့ နှင့် တပ်မတော်တို့ ညှိနှိုင်းမှုကြောင့် တပ်မတော်ဖက်မှ အမှုကို ပြန်လည် ရုတ်သိမ်းပေးလိုက်ခြင်းဖြစ်သည်ဟု  လွတ်မြောက်လာသူများက ပြောသည်။

“ပြဇာတ်တစ်ခုရယ်၊ အဲဒီအထဲမှာ ထောင်ထားတဲ့ ဗီနိုင်းလေနော်၊ ဗီနိုင်းထဲမှာဆိုရင် ဒီ စစ်သားအမှတ်တံဆိပ်လေးတွေ ပါတာပေ့ါ၊ အဲဒီအတွက်နဲ့ ဗီနိုင်းနဲ့ ပြဇာတ်ကို အဓိကထားပြီး ၁၇/၁ မြောက်တဲ့ အမှုအဖြစ်နဲ့ပေါ့။ အဲဒီလို စွဲလိုက်ခြင်း ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ အမြင်ကိုပြောတာ”ဟု လူငယ်တာဝန်ခံ ဆရာတူးထန်ကလည်း ပြောသည်။

ယခုကဲ့သို့ အမှုကို တပ်မတော်ဖက်မှ ရုတ်သိမ်းကြေအေးပေးလိုက်သည့်အတွက် ပြည်သူနှင့် တပ်မတော်အကြား အပြုသဘောဆောင်သည့် ဆက်ဆံရေးကို တည်ဆောက်လာနိုင်သည့်အတွက် ကောင်းမွန်သည့် လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...