“လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လွှတ်တော်မှ အတည်ပြု ပြဌာန်းပြီးပါက အဲ့ဒီ ဥပပေဒနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမည်” ဟု ဦးအောင်မြင့်က ပြောသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေးက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေအား ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ဦးဦးဟာ ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေ၊ သတ်မှတ်ထားတဲ့ အရည်အချင်းတွေ အကျင့်စာရိတ္တတွေ ချို့ယွင်းလာမယ်။ ဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်လာမယ်ဆိုရင် ဒီကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ကိုတော့ ယနေ့အထိ ပြည်သူတွေ မရရှိနေသေးကြောင်း သတိပြုနေကြပြီ ဖြစ်ပါတယ်” ဟု ဦးသောင်းအေးက လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းကာလ ၂၀၁၂ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၅ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၇တွင် “ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စဉ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဌာန်းရမည်” ဟု ပါရှိသည်။
အခြေခံဥပဒေပုဒ်မ ၃၉၆(ခ)တွင်လည်း “သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့်ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်” ဟု ပြဌာန်းထားသေးသည်။
အဆိုပါ မဲဆန္ဒရှင်၏ တစ်ရာခိုင်နှုန်း အစား လွှတ်တော်ကိုယ်စားလှယ်များက ရှစ်ရာခိုင်နှုန်း၊ တစ်ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ့်ငါးရာခိုင်နှုန်းဟူ၍ အသီးသီး ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုမရဘဲ အဆိုပါ ဥပဒေကြမ်းအား ဆိုင်းငံ့ထားရန် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယခု ထပ်မံရေးဆွဲထားသည့် ဥပဒေကြမ်းတွင်မူ “အရင်တစ်ခါလို issue တွေ အများကြီးမပေါ်အောင် ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဥပဒေကြမ်းတစ်ရပ်ရေးဆွဲပြီး ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဦးအောင်မြင့်က ပြောသည်။







