ရခိုင်ပြည်တွင်း သစ်ခုတ်မှုများကို ULA ကန့်သတ်

ရခိုင်ပြည်တွင်း သစ်ခုတ်မှုများကို ULA ကန့်သတ်

အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ၏ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနက ကန့်သတ်လိုက်ကြောင်း သိရသည်။

ဧပြီ ၂၀ ရက် ထုတ်ပြန်ချက်အရ ပြည်သူများသည် စီးပွားဖြစ် မဟုတ်ဘဲ အိမ်သုံး၊ လယ်ယာလုပ်ငန်းသုံး၊ အစရှိသည့် အခြေခံလုပ်ငန်းများအတွက် သစ် ၁ တန်သာ အခွန်လွတ် ခုတ်ယူခွင့်ပြုမည်ဟု ဆိုသည်။

“ အခုလို သစ်ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ ကန့်သတ်လိုက်တာဟာ ကောင်းတဲ့ အရာဖြစ်တယ်။ ပြည်သူတွေ အနေနဲ့ စည်းကမ်းလိုက်နာဖို့ လိုအပ်တယ်။ အာရက္ခပြည်သူ့အစိုးရအနေနဲ့လည်း ဒါကို စနစ်တကျနဲ့ ကိုင်ကွယ်ဖို့ လိုအပ်တယ်။ သိတဲ့အတိုင်ပဲ၊ သစ်ပင်တစ်ပင်ဖြစ်လာဖို့ဆိုရင် တော်တော်လည်းကို အချိန်ပေးရတယ်။ ဒါအပြင် အခုလို ကန့်သတ်လိုက်တာဟာ သဘာဝတရားကို ထိန်းသိမ်းရာ ရောက်တယ် ” ဟု မြောက်ဦးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ သစ်ခုတ်သူများအနေဖြင့် သစ်ထုတ်ယူမည့် နေရာကို မြို့နယ်သစ်တောဌာနသို့ လာရောက် အကြောင်းကြားရမည်ဖြစ်ပြီး မြို့နယ်သစ်တောဌာနမှ ကွင်းဆင်း စိစစ်မည်ဟု ဆိုသည်။

ယင်းအပြင် ၁ တန်ထက် ခုတ်ယူရန် ထပ်မံ၍ လိုအပ်ပါက ရပ်ရွာ၊ တိုက်နယ်၊ မြို့နယ်အုပ်ချုပ်ရေးဌာနမှ ထောက်ခံချက်များဖြင့် သက်ဆိုင်ရာ သစ်တောဌာနသို့ လာရောက်လျှောက်ထားရမည်ဖြစ်သည်။

ကျောက်တော် ဒေသခံအမျိုးသားတစ်ဦးက “ အာရက္ခအစိုးရအနေနဲ့ အခုလို ကြပ်မတ်ပေးတာက ကောင်းတဲ့အရာ တစ်ခုဖြစ်တယ်။ ဒါပေမဲ့ အရင်ကတည်းက တပိုင်တနိုင် စိုက်ထားကြတဲ့ သူတွေရှိတယ်။ သူတို့ဆို ဘယ်လို လုပ်မှာလဲ၊ တစ်နှစ်မှာ သစ် ၁ တန်ပဲ ခုတ်ရမယ် ဆိုတော့။ အိမ်တစ်ဆောင် သစ်တန်ဟာ လုံလောက်တဲ့ ပမာဏ မဟုတ်ဘူး ” ဟု ပြောသည်။

သို့သော်လည်း သစ်တောဝန်ထမ်းများက သွားရောက် ကွင်းဆင်းပြီး အမှန်အကန် ထပ်မံ လိုအပ်ကြောင်း စိစစ်တွေ့ရှိပါက ထုတ်ယူခွင့်ပြုမည်ဟု ဆိုသည်။

အိမ်သုံးသစ် ထုတ်ယူပြီး အဆိုပါ သစ်များကို စီးပွားရေးအရ ရောင်းဝယ်ခြင်း မပြုရဘဲ စီးပွားရေးအရ လုပ်ကိုင်နေမှုကို စိစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း အိမ်ဆောက်ရန် သစ်တစ်တန်ဆိုသည်မှာ မလုံလောက်သည့် ပမာဏမှာ နည်းပါးပြီး ဌာနဆိုင်ရာသို့ တင်ပြပါကလည်း လာရောက်စိစစ်ရန် အချိန်ကြာနိုင်သဖြင့် ဒေသခံများ အခက်ကြုံနိုင်ကြောင်းလည်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

“ သစ် ၁ တန်ဆိုတာက အိမ်ဆောက်ဖို့အတွက် မလုံလောက်ဘူး။ အလွန်နည်းတဲ့ ပမာဏ ဖြစ်တယ်။ ပြီးရင် အမှန်တကယ်လိုအပ်ရင် ထုတ်ခွင့်ပေးမယ်ဆိုပြီး ပြောထားတာတွေကို တွေ့ရတယ်။ စိစစ်မည်ဆိုတဲ့ စကားလုံးက ကျနော်က ချက်ချင်းသွားပြီး တင်ပြလိုက်ရင် ချက်ချင်းလာပြီး စိစစ်မှာလား။ ဘယ်ချိန်လာမှာလဲ။ သူတို့ စိစစ်မယ် ဆိုပြီးတော့ ပျောက်သွားတာလည်း အများကြီး ရှိတယ်။ ဒါတွေက အဓိက ပြဿနာဖြစ်တယ် ” ဟု ကျောက်တော်ဒေသခံ နောက်တစ်ဦးက ပြောသည်။

ယင်းအပြင် သစ်ထုတ်ခြင်း စည်းမျဉ်းစည်းကမ်းများအား ဖောက်ဖျက်ထုတ်ယူပါက သစ်များအားလုံးကို သိမ်းဆည်းပြီး အိမ်သုံးသစ်ထုတ်ယူခွင့် ၁ နှစ် ထပ်မံ ပိတ်ပင်သွားမည်ဖြစ်ကြောင်း အာရက္ခပြည်သူ့ အစိုးရ၏ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနမှ ထုတ်ပြန်လိုက်သည်။

ပုံစာ - နေအိမ်မီးလောင်ပျက်စီးသွားသည့် ရခိုင်ဒေသခံများ ပြန်လည်ထူထောင်ရေးအတွက် AA တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်နေသည်ကို ၂၀၂၅ ခုနစ်၊ ဇန်နဝါရီလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - APM

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...