CPU/ CPA နှင့် ULA/ AA တို့ တွေ့ဆုံမှု နိုင်ငံရေး၊ စစ်ရေးအပြင် ကုန်သွယ်စီးပွားကဏ္ဍများ အဓိကဆွေးနွေးခဲ့

CPU/ CPA နှင့် ULA/ AA တို့ တွေ့ဆုံမှု နိုင်ငံရေး၊ စစ်ရေးအပြင် ကုန်သွယ်စီးပွားကဏ္ဍများ အဓိကဆွေးနွေးခဲ့

ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA/ AA ခေါင်းဆောင်များတွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေးအပြင် ကုန်သွယ်စီးပွားကဏ္ဍများ အဓိကထား ဆွေးနွေးခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။ 

ပြီးခဲ့သော ဖေဖော်ဝါရီလက အာရက္ခဒေသတွင် အာရက္ခအမျိုးသားအဖွဲ့ချုပ်၏ ဖိတ်ကြားမှုဖြင့် ULA/ AA ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ခေါင်းဆောင်သော ULA/AA ခေါင်းဆောင်များနှင့် CPU/ CPA ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။ 

“ရှေ့ဆက်ဖို့အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကတော့ တော်လှန်ရေးနဲ့ပတ်သက်လို့ နိုင်ငံရေး၊ စစ်ရေးအရ အပြန်အလှန် အကျိုးပြုဖို့ ရှိမယ်။ ဒေသတွင်း  ကုန်သွယ်ရေးတွေမှာ ပူးပေါင်းလုပ်ဆောင်မယ့်ဟာတွေ ရှိမယ်။ အာရက္ခပြည်သူတွေနဲ့ ချင်းပြည်သူ တွေ ကြားထဲမှာ ကုန်စည်စီးဆင်းမှုအတွက်၊ ပြီးတော့ နွေဦးတော်လှန်ရေးမှာ  ပူးပေါင်းလုပ်ဆောင်ရမယ့် အပိုင်းတွေပေါ့နော်။ စစ်ကောင်စီ တန်ပြန်ထိုးစစ်တွေ ရှိလာနိုင်တယ်။ အဲဒီအခါကြရင် ကျနော်တို့ ဘယ်လိုပြင်ဆင်ထားမယ်၊ ဘယ်လို ပူးပေါင်းတိုက် ကြရမယ်၊ ဘယ်လိုလှုပ်ရှားကြမယ်၊ အဲဒါတွေကို ဆွေးနွေးတိုင်ပင်ဖြစ်ပါတယ်” ဟု ဆလိုင်းယောမာန်က ပြောသည်။

လက်ရှိနွေဦးတော်လှန်ရေး၏ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ ချင်းပြည်သူလူထုနှင့် အာရက္ခပြည်သူများအကြား အိမ်နီးချင်းကောင်းများ ပီသစွာ ရေရှည် အပြန်အလှန် အကျိုးပြုရေးတို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက်ပူးတွဲ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။ 

တော်လှန်ရေးကာလအတွင်း ဆန်စပါးနှင့် ပင်လယ်ထွက်ကုန်ကြွယ်ဝသော အာရက္ခဒေသနှင့် ချင်းပြည်နယ်တို့ ဒေသထွက်ကုန်များကို အပြန်အလှန် ကုန်စည်စီးဆင်းနိုင်ရေးများကို ဆွေးနွေးနိုင်ခဲ့သည်ဟု သိရသည်။ 

“သူတို့လည်းပဲ ကြိုးစားပြီးမှ လုပ်နေကြတာပဲ။ ကျနော်တို့ဘက်မှာလည်း ကိုယ်နိုင်သလောက် လုပ်တယ်ဆိုတော့ အချင်းချင်း၊ ဘယ်လိုမျိုး အပြန်အလှန် ကူညီနိုင်တယ် ဆိုတာတွေပေါ့၊၊ ဥပမာ - ကုန်ပစ္စည်း ဖလှယ်တာဆိုရင် ကျနော်တို့ဘက်မှာ ထွက်တဲ့ ကုန်တွေ ရှိတယ်။ ထောပတ်သီးတို့၊ ကော်ဖီတို့ ဆိုရင် တကယ့်အရည်အသွေးရှိတဲ့ အဆင့်အတန်းမြင့်တဲ့ ထောပတ်သီးတွေ၊ ကော်ဖီတွေပေါ့နော်။ အခုနောက်ပိုင်း စတော်ပယ်ရီတို့၊ လက်ဖက်တို့ အခြားဟာတွေရောပေါ့လေ။ အများကြီး ရှိပါတယ်။ အဲဒါတွေကို ကျနော်တို့ တင်ပို့လို့ ရတယ်။ သူတို့ဆီက ကုန်ပစ္စည်းတွေ ကျနော်တို့ စားသုံးလို့ ရတယ်။ အပြန်အလှန် မျှဝေလို့ ရတဲ့ဟာတွေ၊ ကုန်သွယ်မှုတွေ လုပ်လို့ ရတဲ့ ဟာတွေ အများကြီး ရှိတာပေါ့။ ဒေသတွင်း စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ပေါ့။ ရှေ့ဆက်ပြီးမှ တော်လှန်ရေးနဲ့ပတ်သက်ပြီးလည်း နွေဦးတော်လှန်ရေးက အလားအလာ ဘယ်လို ရှိနိုင်တယ်။ ကျနော်တို့ ဆက်ပြီး ဘယ်လို ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုတယ်ဆိုတဲ့အချက်တွေပါ” ဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။ 

ULA/ AA သည် ချင်းပြည်သူ့အစည်းအရုံး၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကို နွေးထွေး လှိုက်လဲစွာ ကြိုဆိုဧည့်ခံပြီး အာရက္ခဒေသအတွင်းရှိ အထင်ကရနေရာများကို လိုက်လံပြသခဲ့သည်ဟု သိရသည်။ 

၂ ပတ်ခန့် ကြာမြင့်သည့် အာရက္ခခရီးစဉ်တွင် ဘုရားကျောင်း၊ စေတိပုထိုးများ၊ သဘာဝအလှအပနေရာများကို လိုက်လံပြသခဲ့သည်ဟု သိရသည်။ 

ခရီးစဉ်တွင် CPU/ CPA အတွက် လေ့လာသင်ယူစရာများနှင့် တကွ အလွန်တရာ အကျိုးရှိသော ခရီးစဉ်ဖြစ်ခဲ့ပြီး ULA/ AA ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဧပြီလ ၂၀ ရက်က ထုတ်ပြန်သည်။ 

CPU/ CPA အဖွဲ့ကို ချင်းညီနောင်အဖွဲ့ အများစုပါဝင်သော မင်းတပ်မြို့နယ်တော်လှန်ရေးဦးဆောင် ကော်မတီ/ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်၊ မတူပီတော်လှန်ရေး အဖွဲ့ချုပ်/ ချင်းကာ ကွယ်ရေးတပ်ဖွဲ့- မတူပီ နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာ ကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက် တို့အပြင် ဒိုင်ရ်ဒေသန္တရကောင်စီ/ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဒိုင်ရ် တို့ကို စုစည်းပြီး ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှုပေးရန် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၅ ) နေ့တွင် စတင်ဖွဲ့စည်းသည်ဟု သိရသည်။

April 21, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပြင်း အထန် ထိုးစစ်ဆင်နေသည့်...
April 20, 2026
တော်လှန်ရေးကာလ ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေသည့်...
April 11, 2026
ဝါရင့်နိုင်ငံရေးသမားနှင့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်...
April 10, 2026
ထန်တလန်မြို့အပါအဝင် ချင်းပြည်နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းအားလုံးကို...