ပထမဆုံးအကြိမ် မဲပေးမည့် မွန်လူငယ်များ တွေ့ဆုံ

ပထမဆုံးအကြိမ် မဲပေးမည့် မွန်လူငယ်များ တွေ့ဆုံ

မွန်ပြည်နယ်အတွင်းရှိ ပထမအကြိမ် မဲပေးမည့် လူငယ်များ ဖေဖော်ဝါရီ ၁၅ ရက်နေ့က မော်လမြိုင်မြို့တွင် တွေ့ဆုံခဲ့ကြသည်။

အသက် (၁၈) နှစ် ပြည့်ပြီးသည့် လူငယ်များ မဲစာရင်း စစ်တတ်ရန်နှင့် မဲပေးတတ်ရန် အဓိက ရည်ရွယ်၍ တွေ့ဆုံပွဲကို ကျင်းပခြင်းဖြစ်သည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။

“ပထမအချက်က မဲပေးခွင့်ရဖို့အတွက် မဲစာရင်းမှာ အမည်ပါဖို့ လိုအပ်ပါမယ်၊ အဲဒါပြီးရင် မဲပေးတဲ့နေ့ မှာ မဲပေးတတ်ဖို့” ဟု ဦးဟိဏ်းလင်းထက်က ပြောသည်။

မွန်ပြည်နယ်တွင် ထပ်တိုးလာသည့် မဲစာရင်းများအရ မဲပေးခွင့်ရှိသည့် လူငယ် နှစ်သိန်းခန့် တိုးလာသည်ဟုလည်း ဦးဟိဏ်းလင်းထက်က ဆက်ပြောသည်။

သို့သော်လည်း မွန်လူငယ်အများစုမှာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်ဝင်စားမှု နည်းပါးသည်ဟု မွန်လူငယ်များဆုံရပ်မှ တာဝန်ရှိသူက ပြောသည်။

“အဓိက ရွေးကောက်ပွဲကို လူငယ်တွေ စိတ်ဝင်စားလာဖို့ အရေးကြီးတယ်။ အရင်တုန်းက လူငယ်တွေက ရွေးကောက်ပွဲဆိုတာ ဘာမှန်းလည်း မသိဘူး။ ဘယ်အစိုးရပဲတက်တက် ထမင်းတစ်နပ်ထက် ပို မစားရဘူးဆိုတဲ့ အယူအဆတွေက နှစ်အတော်ကြာ ခေါင်းထဲမှာ စွဲနေကြတယ်” ဟု မွန်လူငယ်များဆုံရပ် အထွေထွေအတွင်းရေးမှူး မင်းဇာနည်ဦးက ပြောသည်။

မွန်ပြည်နယ်က လူငယ်အများစုမှာ စားဝတ်နေရေးအတွက် ပြင်ပသို့ သွားရောက် လုပ်ကိုင်နေကြရကြောင်း၊ ထို ပြည်ပရောက်လူငယ်များအတွက် မဲပေးခွင့် ရရှိအောင် နည်းလမ်း ရှာဖွေပေးကြရန်လည်း လိုအပ်ကြောင်း မင်းဇာနည်ဦးက ပြောသည်။

နောက်ပိုင်းတွင်လည်း ပြည်နယ်အတွင်းရှိ တက္ကသိုလ်များနှင့် ညှိနှိုင်းပြီး လူငယ်များ မဲပေးရေးနှင့်ပတ်သက်သည့် တွေ့ဆုံပွဲများ ဆောင်ရွက်သွားရန်လည်း ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲက ပြောသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလအထိ နောက်ဆုံးပြုစုထားသည့် မဲစာရင်းအရ မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၅ သောင်းကျော် ရှိသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...