ပူတာအို စစ်ရှောင်များ နေရာသစ် ချထားပေးရန် တောင်းဆို

ပူတာအို စစ်ရှောင်များ နေရာသစ် ချထားပေးရန် တောင်းဆို

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ လုံးစွတ် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များ နေရပ်ပြန်ရေး မဖြစ်နိုင်သည့်အတွက် ပြောင်းရွှေ့ အခြေချ နေထိုင်နိုင်ရေး မြေနေရာတစ်ခု စီစဉ်ပေးစေလိုကြောင်း စစ်ရှောင်များက ပြောသည်။

စစ်ရှောင်စခန်း တာဝန်ခံ ဦးဖုန်ထိန် က “မူလဒေသကို ပြန်ဖို့ကလည်း တော်တော်လေး ခက်နေတယ်။ ပြန်ဖို့ကလည်း ရေကြောင်းလမ်း တစ်ခုပဲ ရှိတာ။ အဲဒီမှာ ဒီ စက်လှေဆိပ်မှာ တပ်စခန်းတည်ထားတာ သိပ် မကြာသေးဘူး။ အဲဒီ တပ်စခန်းကလည်း ပြန်ရုပ်ဖို့၊ ပြန်ဖယ်ပေးမယ့်ပုံ မပေါ်ဘူးလေနော်။ အဲဒါကြောင့် သူတို့ က ပြန်ဖို့တော့ ခက်နေတယ်။ ဒါကြောင့် ကျနော်တို့က သူတို့အတွက် ပြန်လည်နေရာချထားရေး လုပ်ဖို့ အတွက်ပေါ့၊ မြေတောင်းထားတာ ရှိတယ်။ ဒီလ ပထမအပတ် ကြာသပတေးနေ့က KBC (ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်)ကို စာပို့ထားတယ်” ဟု ပြောသည်။

စစ်ရှောင်များအတွက် မြေနေရာစီစဉ်ပေးရေး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရထံ တင်ပြပေးရန် KBC ရုံးချုပ်သို့ ဖေဖော်ဝါရီ ၆ ရက်တွင်  တောင်းဆိုထားသည်ဟု ဦးဖုန်ထိန်က ပြောသည်။

အဆိုပါ စစ်ရှောင်များမှာ ပူတာအိုခရိုင်ရှိ မြို့နယ် ၃ ခုဖြစ်သည့် မချမ်းဘော၊ ပူတာအို၊ ခေါင်လန်ဖူးမြို့နယ်တို့မှ မပြုံးကျေးရွာ၊ အင်ခါဂါးကျေးရွာ၊ အင်ဖျီဂါးကျေးရွာ၊ ဖကန်းယန် (ဂနိုင်ယန်) ကျေးရွာနှင့် နှင်းတန်ဂေါင်ကျေးရွာတို့မှ ရွာသားများ ဖြစ်ကြသည်။

မချမ်းဘောမြို့နယ် အင်ဖျီဂါးကျေးရွာက စစ်ဘေးရှောင်လာသည့် ဒေါ်ထုမိုင်က “ကျမတို့က ဟိုဘက် ပြန်မယ်ဆိုရင်လည်း နောက်ရော အရင်လို စစ်ဖြစ်လာမှာကို အမြဲတမ်း တွေးမိတယ်။ တွေးမိလို့ အဲဒီလိုမျိုး ဒီမှာ ခြံမြေ စီစဉ်ပေးရင်တော့ အဆင်ပြေမလားပေါ့” ဟု ပြောသည်။

“ကျမတို့က ခြံ၊ အိမ်၊ လုပ်စားဖို့ လယ်ပေါ့။ အစားအသောက် မရှိရင်က မဖြစ်ဘူးဆိုတော့ လယ်ထွန်ဖို့ ကျွဲ၊ နွားက အစပေါ့နော်၊ လိုတာပေါ့။ ကျွဲ၊ နွား မရှိရင်လည်း လယ်ထွန်စက်တို့ပေါ့။ အဲဒီလိုမျိုးမဟုတ်ဘဲ ဒီအတိုင်း ခြံပဲ ပေးရင်လည်း ကျမတို့က ခက်ခဲမှာပေါ့။ အခုက ဘာမှလည်း မရှိဘူးဆိုတော့ ပြည့်ပြည့်စုံစုံ စီစဉ်ပေးရင်တော့ အဆင်ပြေတာပေါ့။ ထမင်းတောင်မှ သူများပေးတာပဲ စားနေရတာ ဆိုတော့”ဟု ဒေါ်ထုမိုင်က  ပြောသည်။

လုံးစွတ်စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်များအနက် အချို့မှာ ၂၀၁၃ ခုနှစ်ကတည်းက ၎င်းတို့၏ နေရပ်ကျေးရွာများနှင့် အနီးအနားတဝိုက် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြခြင်း ဖြစ်သည်။ အချို့မှာ ၂၀၁၅ ခုနှစ်တွင် ထပ်မံ ထွက်ပြေးလာခဲ့ကြသည်။

လုံးစွတ်စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၆၁ စုရှိပြီး လူဦးရေ ၂၈၀ ကျော်အနက် ကလေးငယ်နှင့် သက်ကြီးရွယ်အိုမှာ အယောက် ၁၅၀ အထက် ရှိသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ပြီး တပ်မတော်နှင့် KIO/KIA တို့အကြား တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် ပြည်နယ်အတွင်းသာမက ရှမ်းမြောက်ဒေသထိ ဒေသခံပြည်သူ တစ်သိန်းကျော်ခန့် စစ်ဘေး တိမ်းရှောင်နေကြရပြီး ယနေ့အချိန်ထိ နေရပ်ပြန်ရေး မဖြစ်နိုင်သေးသည့် အခြေအနေတွင် ရှိနေသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...