သန့်မြတ်ခိုင် — ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အစပ် ဒေသများတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေမှုကြောင့် ရေလမ်း၊ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ပြတ်တောက်နေပြီး ပလက်ဝမြို့နယ်တွင် ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
အထူးသဖြင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ပြေးဆွဲနေသည့် လိုင်းစက်လှေများ တိုက်ပွဲကြောင့် မသွားလာနိုင်ကြသဖြင့် ပလက်ဝတွင် ဆန်၊ စားသောက်ကုန်ပစ္စည်းများနှင့် စက်သုံးဆီများ ပြတ်လပ်ကာ အခက်တွေ့နေသည်ဟု ဒေသခံများက ပြောသည်။
ပလက်ဝမြို့မစျေးမှ ဈေးဆိုင်ရှင်တစ်ဦးဖြစ်သူ ဦးစိုးလှက“ကျွန်တော်တို့ပလက်ဝမှာ ကုန်စျေးနှုန်း တက်တာက ကျောက်တော်နဲ့ ပလက်ဝ အသွားအလာကို လုံးဝပြတ်တောက်နေတယ်။ တစ်ပတ်ကျော်လောက် ရှိနေပြီ၊ ဆိုတော့ စက်လှေတွေက အတက်အဆင်း မရှိတဲ့အတွက် ကျောက်တော်ဘက်က ဆန်အပါအဝင် ကုန်စည်တွေက ပလက်ဝကို ပို့လို့ မရဘူး။ ဒါကြောင့် ကုန်စည်တွေ မရှိသလောက်ကို ဖြစ်နေတယ်။ ပလက်ဝမှာ ရှိသလောက်ကို ရောင်းချနေပေမယ့် ကုန်စည်ရှားပါးလာလို့ အခု ပြည်သူတွေ ဒုက္ခရောက်နေကြပါတယ်” ဟု ပြောသည်။
ယခင်က ဆန်တစ်အိတ် ပုံမှန်စျေး ကျပ်နှစ်သောင်းခန့်နှင့် ဝယ်ယူ၍ ရပြီး ယခုအခါ ကျပ်သုံးသောင်းခွဲအထိ စျေးတက်သွားကြောင်း၊ သို့သော်လည်း ဆန်တစ်အိတ်ကို သုံးသောင်းခွဲပေး၍ ရှာမရ ဖြစ်နေကြောင်း၊ ထိုသို့ စျေးတက်သွားခြင်းမှာ ဆန်တစ်ခုတည်းမဟုတ်ဘဲ ကြက်သွန်၊ ငရုတ်သီး၊ ဓာတ်ဆီနှင့် အခြား ကုန်ပစ္စည်းများလည်း အဆမတန် စျေးတက်သွားခြင်းဖြစ်ကြောင်း ဦးစိုးလှက ဆက်ပြောသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တစ်ပတ်ကျော်ကြာ တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် ပလက်ဝမှ ကျောက်တော်မြို့သို့ ပြေးဆွဲနေသည့် လိုင်းစက်လှေများ ရပ်နားထားရသည်ဟု သိရသည်။
“ပလက်ဝက လူတွေက ကျောက်တော်က ကုန်ပစ္စည်းတွေ တင်မှ စားလို့ရတာ။ ကျောက်တော် တင်းမမှာ တိုက်ပွဲဖြစ်တယ်လို့ ကြားပါတယ်။ အဲဒါကြောင့် စက်လှေများ အသွားအလာ ပြတ်သွားတယ်လို့ ကြားတယ်။ အခု စက်လှေတွေ သွားလာခွင့်မရ။ လွန်ခဲ့တဲ့ ရက်ပိုင်းကဆိုရင် ပုဏ္ဏားကျွန်းမြို့နယ်က ငှက်ပျောသီးစက်လှေတစ်စင်း ဆင်းသွားတယ်။ အဲဒီ တင်းမ အကွေ့မှာ ဘယ်ဘက်က ပစ်မှန်းလည်း မသိ၊ သေနတ်ပစ်လို့ လူက အသက်ဘေးက လွတ်သွားတယ်။ ငှက်ပျောသီးစက်လှေတော့ မြုပ်သွားတယ်” ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ဖြစ်ပွားခဲ့မှုကြောင့် အခြားစက်လှေများလည်း မသွားရဲ မလာရဲ ဖြစ်နေကြရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ကြားကာလအတွင်း မြို့နယ်ထွေအုပ်ကလည်း သွားလာခွင့် ပိတ်ပင်ထားကြောင်း၊ ထိုသို့ သွားလာခွင့်မရလျှင် ၎င်းတို့ ပလက်ဝမြို့နယ်၌ တစ်ပတ်အတွင်း စားဝတ်နေရေး အခက်အခဲ များစွာ ကြုံလာနိုင်ကြောင်း၊ ဆန်ရောင်းသည့် ဆိုင်သည်များကိုလည်း အစိုးရက လက်မှတ်ထိုးပြီး သယ်ယူခွင့် ပြုပေးစေလိုကြောင်း ပလက်ဝမြို့မစျေးမှ ဆိုင်သည်အချို့က ပြောသည်။
ပလက်ဝမြို့နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက်လုပ်နေသူ ဦးထွန်းဝေက “အခက်အခဲက လက်ရှိ ကျွန်တော်တို့ ဖြစ်တော့မှာပါ။ မနက်ဖြန် သန်ဘက်ခါဆိုရင် ဆန် မရှိတော့ဘူး။ စစ်တပ်က ရေလိုင်းကို ပိတ်ထားတယ်။ အဲဒီအတွက်ကြောင့်ပါ။ သွားခွင့်လာခွင့် မရတာ ၇ ရက်လောက် ရှိပါပြီ။ အခက်အခဲက ထမင်းငတ်တော့မှာပေါ့။ မရရင် ရတဲ့နေရာက ဆန်တွေကို စျေးကြီးပေးပြီး ဝယ်စားရတော့မယ်။ ကျွန်တော်တို့က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ကန်ထရိုက် လုပ်ပါတယ်။ လမ်းကို အမြန် ဖွင့်ပေးစေလိုပါတယ်။ ကျွန်တော်တို့မိသားစုက စက်သုံးဆီလည်း ရောင်းတယ်။ အခု ဘိလပ်မြေနဲ့ ဆီတွေဆိုလည်း အားလုံး ကျောက်တော်မှာပါ။ ပလက်ဝကို တင်လို့ မရ ဖြစ်နေတယ်” ဟု ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင်ထံသို့ နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ စားနပ်ရိက္ခာပြတ်တောက်သည်ကို သတင်းလာပို့လျှင် ပြတ်တောက်မှုမရှိအောင် လုပ်ရမည်ဟု ၎င်းက ပြန်လည်ဖြေကြားသည်။
“အစိုးရဌာနရဲ့ အလုပ်ကိုတော့ တခြားလူကိုတော့ အတိအကျတော့ ပြောလို့ မရပါဘူးခင်ဗျာ။ ကျွန်တော်တို့မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို ရင်ဆိုင်ဖြေရှင်းရမှာပဲလေ။ နည်းလမ်းပေါင်းစုံတော့ ရှာရမှာပေါ့။ သွားဖို့လာဖို့ကို ဘယ်သူ့ကိုမှ မပိတ်ပင်ပါဘူး။ တိုက်ပွဲဖြစ်လို့ မသွားဝံ့၊ မလာဝံ့လို့ သိရတယ်။ ဘယ်သူမှတော့ မတားပါဘူး သူတို့ကို။ အစိုးရဘက်ကရော ဌာနဆိုင်ရာရော အစိုးရတပ်တွေကပါ ဘာမှ တားဆီးတာ မရှိပါဘူး။ သူတို့ဟာသူတို့ လျှောက်ပြောတာ နေမှာပေါ့ ” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က ပြောသည်။







