တိုက်ပွဲကြောင့် ပလက်ဝမှ လူပေါင်း ၁ဝဝကျော် ကျောက်တော်မြို့တွင် ၁၀ ရက်ကျော်ကြာ ပိတ်မိနေ

တိုက်ပွဲကြောင့် ပလက်ဝမှ လူပေါင်း ၁ဝဝကျော် ကျောက်တော်မြို့တွင် ၁၀ ရက်ကျော်ကြာ ပိတ်မိနေ

ချစ်အိလှိုင် — ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ လူပေါင်း ၁ဝဝ ကျော်မှာ လမ်းခရီးတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် ပလက်ဝသို့ မပြန်နိုင်ဘဲ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ပိတ်မိနေကြသည်ဟု သတင်းရရှိသည်။

ပိတ်မိနေသူများထဲတွင် အစိုးရဝန်ထမ်းအချို့နှင့် ခရီးသွားပြည်သူများ ပါဝင်ပြီး ၎င်းတို့မှာ ကျောက်တော်မြို့ရှိ အသိမိတ်ဆွေ နေအိမ်များနှင့် တည်းခိုရိပ်သာများတွင် ယာယီ တည်းခိုနေထိုင်နေကြရသည်ဟု ဆိုသည်။

ယင်းသို့ ပိတ်မိနေသည်မှာ ၁ဝ ရက်နီးပါးခန့်ရှိလာပြီဖြစ်၍ နေရပ်ပြန်လိုကြောင်းလည်း ၎င်းတို့က ပြောသည်။

ဆက်သွယ်ရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက “လိုင်းစက်လှေ မထွက်နိုင်ဘူးပေါ့နော်။ လမ်းမှာ အတိုက်အခိုက်တွေ ရှိနေလို့။ လိုင်းဘုတ်၊ စက်လှေတွေ မထွက်လို့ပါ။ စစ်တွေကို ရုံးကိစ္စနဲ့ လာတာပါ။ ပလက်ဝမှာ နေတာ ၂၁ နှစ်ရှိပါပြီ၊ တာဝန်ထမ်းဆောင်နေတာ။ ဒီလို တစ်ခါမှ မဖြစ်ဖူးဘူး”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်ကို ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြထားပြီး နေရပ်ပြန်နိုင်ရေးကူညီပေးကြစေလိုကြောင်းလည်း သူမက ပြောသည်။

"ကျွန်မတို့က ဆွေအိမ်မျိုးအိမ်၊ သူငယ်ချင်းအိမ်တွေမှာ စားလို့ သောက်လို့ နေလို့ ရတယ်ပေါ့။ ဆွေမျိုးလည်း မရှိ၊ ရင်းနှီးတဲ့လူလည်း မရှိတဲ့ တခြားလူတွေ ရှိကြတယ်လေ။ ရက်ရှည်လာပြီဆိုတော့ နေရေးထိုင်ရေး၊ စားရေးသောက်ရေးတွေ အခက်အခဲဖြစ်လာမယ်"ဟု သူမက ဆိုသည်။

ကျောက်တော်တွင် ပိတ်မိနေသည့် ပလက်ဝမြို့မှ ကျူရှင်ဆရာတစ်ဦးက “ကျွန်တော်တို့က သားနဲ့ သမီး ဘွဲ့နှင်းသဘင်ကို သွားပြီး ပြန်လာတာပါ။ သားက စစ်တွေနည်းပညာတက္ကသိုလ်၊ သမီးက ကျောက်ဖြူ GTI မှာပါ။ ဒီလ ၄ ရက်နေ့က ထွက်လာတာပါ။ ကျွန်တော်တို့နဲ့အတူ ဒီမှာ ပိတ်မိနေတာ အယောက် တစ်ရာကျော်ရှိပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ တင်ပြထားပါတယ်။ ကျောက်တော်ကနေ ပလက်ဝကို သွားရဖို့အရေးပဲ လိုပါတယ်”ဟု ပြောသည်။

ပိတ်မိနေသူများတွင် ချင်းလူမျိုးများအပါအဝင် ဗမာနှင့် ရခိုင်လူမျိုးများလည်း ပါဝင်ပြီး ဒေသအခြေအနေကြောင့် မသွားရဲဘဲ သောင်တင်နေသည်ဟု ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက နိရဥ္စရာကို ပြောသည်။

“ဒီမှာ တိုက်ပွဲဖြစ်နေလို့ မသွားရဲတော့ သောင်တင်နေတာပါ။ လူဦးရေ အတိအကျတော့ မရနိုင်ဘူး။ သူများအိမ်တွေ၊ တည်းခိုခန်းတွေမှာ နေကြတယ်။ ရက်ကြာလာရင် အခက်အခဲ ရှိမှာပေါ့။ အခက်အခဲတွေ အများကြီးပါ။ အပေါ်ကို တင်ပြဖို့ လုပ်နေပါတယ်”ဟု ပြောသည်။

ကျောက်တော်တွင် ချင်းလူမျိုးအပါအဝင် လူပေါင်း ၁၂ဝ ကျော် ပိတ်မိနေသည်ဟုလည်း ချင်းလူ့အခွင့်အရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းလျံက ပြောသည်။

“ဖေဖော်ဝါရီ ၄ ရက်နေ့နောက်ပိုင်းမှာ သူတို့ ပလက်ဝကို ပြန်သွားဖို့ လုပ်တဲ့ အချိန်မှာ ပလက်ဝနဲ့ ကျောက်တော်ကြားမှာ စစ်ပွဲတွေ ဖြစ်နေလို့ ပြည်သူတွေ မသွားရဲတော့ဘူးပေါ့။ အဲဒါကြောင့် အခုလောလောဆယ် အသိတွေ၊ ဟိုတယ်တွေမှာ တည်းတဲ့လူတွေရှိတယ်။ ရေရှည်မှာ မဖြစ်နိုင်ဘူးပေါ့” ဟု ကိုဆလိုင်းလျံက ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာသဖြင့် ကျောက်တော်မြို့နယ်အပါအဝင် မြို့နယ်အချို့တွင်လည်း ခရီးသွားပြည်သူများနှင့် ပညာရေးဝန်ထမ်းအချို့မှာ နေရပ်မပြန်နိုင်ဘဲ တိုက်ပွဲကြား ပိတ်မိနေကြခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင်လည်း ကျောက်တော်မြို့နယ် တင်းမအနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးအသံများ အဆက်မပြတ် ကြားနေရသည်ဟု ပြောဆိုကြသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...