အောင်လင်းထွန်း၊ ချစ်အိလှိုင် — ရခိုင်ပြည်နယ်ရှိ မြို့နယ် ရှစ်ခု နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့တွင် အင်တာနက်ပိတ်ထားမှုကို အဖွဲ့အစည်း (၂၉)ခုမှ ချက်ချင်း ပြန်ဖွင့်ပေးရန် မြန်မာအစိုးရကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။
အဆိုပါ အင်တာနက် ဖြတ်တောက်ထားမှုမှာ ရခိုင်ပြည်နယ်တွင် မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော် တို့တွင် ၈ လနီးပါ ကြာမြင့်လာပြီး ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်မှ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံ မြို့နယ်တို့ကို အင်တာနက် လိုင်းများကို ထပ်မံဖြတ်တောက်ခဲ့သည်။
“ရခိုင်ပြည်နယ်မှာ မြို့နယ်လေးခုကို အင်တာနက်ဖြတ်တောက်ခံရမှုဟာ ကမ္ဘာပေါ်မှာ အချိန် အကြာဆုံး အစိုးရတစ်ရပ်အနေဖြင့် မိုဘိုင်းဖုန်း အင်တာနက်မှုတစ်ခုဖြစ်တယ်။ ပဋ္ဋိပက္ခ ဖြစ်ပွား နေတဲ့ နေရာတွေမှာ လူသားချင်းစာနာထောက်ထားမှုပေးတဲ့အဖွဲ့တွေအတွက် အင်တာနက်လိုင်း မရှိတဲ့အတွက် လုပ်ငန်းတွေ ဆောင်ရွက်ရာမှ အခက်အခဲရှိတယ်။ Oline ကိုမှီခိုပြီး အလုပ် လုပ်ကိုင်နေသူတွေအတွက် ထိခိုက်မူတွေရှိတယ်။ လက်ရှိ ၂၁ ရာစု IT ခေတ် ရောက်နေတဲ့ အချိန်မှာ လူတွေအကုန်လုံး အင်တာနက်ရပိုင်ခွင့်ရှိတယ်။ လူသားတိုင်း၊ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရဖို့လိုအပ်တယ်။ ဒါက နိုင်ငံတကာ ယုံကြည်လက်ခံထားတဲ့ အခွင့်အရေး ဖြစ်တယ်။ လူအခွင့်အရေး အရလည်း ရပိုင်ခွင့်ရှိတယ်” ဟု ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) မှ အထွေထွေအတွင်း ရေးမှူး ဦးတိန်ဦး မှ နိရ ဉ္စရာ သတင်းဌာနသို့ ပြောသည်။
ပထမအကြိမ်အင်တာနက်ဖြတ်တောက်မှုကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့တွင် ပထမအကြိမ်ဖြတ်တောက်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ပလက်ဝမြို့နှင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံတို့ကို ပြန်လည် ဖွင့်ပေးခဲ့သော်လည်း ပြန်ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ပြန်ပိတ်ခဲ့သည်။
“အဓိကကျနော်တို့တောင်းဆိုတာက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့မှာ အင်တာနက် ပိတ်ထားတာကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ကိုတောင်းဆိုတာဖြစ်တယ်။ အင်တာနက်ပိတ်ပင်တယ် ဆိုတာက လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်တာရောက်တယ်။ ဒီလိုမျိုးအင်တာနက် ပိတ်တယ်ဆိုတာက အကျိုးသက်ရောက်မူ အများကြီးရှိတယ်။ ဒီအတွက်ကြောင့် ၂၉ ဖွဲ့စုပေါင်းပြီး ကြေညာချက်ထုတ် တောင်းဆိုတာ ဖြစ်တယ်” ဟု ချင်းလူ့အခွင့်အရေး အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်လျန် မှပြောသည်။
အဆိုပါအင်တာနက်ပြန်လည်ဖွင့်ပေးရန် တောင်းဆိုမှုများထဲတွင် ASEAN Parliamentarians for Human Rights ၊ အသံအဖွဲ့၊ ရခိုင်မြစ်ချောင်းများ ကွန်ရက်၊ ရခိုင်ပြည်လုံး ဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) အပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း ၂၉ ခု စုပေါင်း၍ လက်မှတ်ထိုးပြီးတောင်းဆိုခဲ့ကြသည်။







