ကျောက်တော်မြို့နယ် ရွာအတွင်း လက်နက်ကြီးကျည်များ ကျ၊ ဘုန်းကြီးကျောင်းနှင့် အိမ် တစ်လုံး ပျက်စီး

ကျောက်တော်မြို့နယ် ရွာအတွင်း လက်နက်ကြီးကျည်များ ကျ၊ ဘုန်းကြီးကျောင်းနှင့် အိမ် တစ်လုံး ပျက်စီး
ကုလားတန်မြစ်ကြောင်းတစ်နေရာကို တွေ့ရစဉ်။
ကုလားတန်မြစ်ကြောင်းတစ်နေရာကို တွေ့ရစဉ်။

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာအတွင်း ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၈ နာရီခန့်ကလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်တစ်လုံး ပျက်စီးသွားကြောင်း သိရသည်။

ရွာအတွင်းသို့ လက်နက်ကြီးကျည် ၆ လုံးအထိ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်နက်ကြီး ကျည်များမှာ ရွာရှိ ဘုန်းတော်ကြီးကျောင်းအတွင်း နှစ်လုံး၊ ဘုန်းတော်ကြီးကျောင်းအပြင်ဘက် ဝါးရုံတွင် တစ်လုံး၊ ဦးရွှေကျော်ဦး၏နေအိမ်ရှိ အုန်းပင်တွင်တစ်လုံးနှင့် ကျေးရွာအနီး ကုလားတန်မြစ်ကမ်းဘေးနားတွင် နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

တင်းမရွာခံတစ်ဦးက “တင်းမရွာက ဦးရွှေကျော်ဦးဆိုတဲ့ လူနေအိမ်က အုန်းပင်မှာ တစ်လုံးကျပါတယ်။ လူတော့ဒဏ်ရာမရဘူး။ အုန်းပင်မှာကျတဲ့အတွက်နဲ့ အိမ်က သွပ်ခေါင်မိုးမှာ အားလုံး ဇကာပေါက်ဖြစ်သွားပါတယ်”ဟု ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဘုန်းတော်ကြီးကျောင်းတွင်လည်း ပျဉ်များပေါက်ပြဲပြီး ခေါင်မိုးများ ပွင့်ထွက်သွားကာ မှန်များလည်း ကွဲကြေသွားကြောင်း ရွာခံတစ်ဦးက ပြောသည်။

၎င်းက “ခပေါ်ရွာနားက ပစ်နေတာပါ။ ပြောရမယ်ဆိုရင် တောင်ရှည်တောင် အောက်ပိုင်းကို စစ်တပ်က အပိုင်စီးထားတယ်။ အထက်ပိုင်းကို အေအေက အပိုင်စီးထားတယ်။ ဆိုတော့ အောက်ပိုင်းကနေပစ်လိုက်တဲ့အခါ တင်းမဘက်ကိုကျတယ်။ ပြောရမယ်ဆိုရင် ပစ်တဲ့နေရာက တင်းမရွာကို မျက်နှာမူရင် တောင်ရှည်တောင်က ဘယ်ဘက်ကို နည်းနည်းစောင်းပြီးကျတယ်။ အဲဒီက ပစ်တဲ့ လက်နက်ကြီးကျည်က ဘယ်လို ကျနော်တို့ရွာဘက်ကို ကျတယ်ဆိုတာ မပြောတတ်ဘူး”ဟု ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တင်းမကျောင်းထိုင်ဆရာတော်ထံ နိရဥ္စရာသတင်းဌာနက ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်နေသဖြင့် ဆက်သွယ်မှုမရ ရှိခဲ့ပါ။

တင်းမကျေးရွာနေ အမျိုးသမီးတစ်ဦးက“ဆရာတော်က ဆေးရုံဘက်ကို ပြေးနေရတယ်။ နေဗီဘက်ကနေပစ်လို့ အိမ်ခေါင်မိုးတွေမှာကျလို့ ပေါက်သွားပါတယ်။ လက်နက်ကြီးက တိုက်ပွဲဖြစ်နေတဲ့ဘက်ကနေ လာတာမဟုတ်ပါ။ ခပေါ်ရွာဘက်ကနေ နေဗီက ရမ်းသန်းပစ်ခတ်လို့ကျလာတာပါ။ ကျမတို့အိမ်နားက အိမ်မှာ လက်နက်ကြီးကျည်ကျလို့ ကြောက်လို့ မွန်ထောင့်ရွာက အမေ့အိမ်ကို ပြေးလာတာပါ။ ကျမက တင်းမမှာနေပါတယ်။ သားလေးတစ်ယောက်ရှိတယ်။ သားလေးနဲ့ပြေးလာကြတာပါ”ဟု ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး(ပထမတန်း) ဗိုလ်မှူးကြီးဝင်းဇော်ဦးထံသို့ ယင်းနေ့ ညနေပိုင်းတွင်  နိရဥ္စရာသတင်းဌာနက ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ၎င်း၏တပည့်ဆိုသူက “အဘ လူကြီးများနှင့် စကားပြောနေသည်”ဟု ပြန်လည် ဖြေကြားသွားသည်။

ရခိုင်ပြည်နယ်အတွင်း ဒုတိယအကြိမ် အင်တာနက်လိုင်းပိတ်လိုက်ပြီးနောက် ကျောက်တော်မြို့နယ်အတွင်း ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်ပြီး  ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ တိုက်ပွဲ ၆ ရက်တိုင်တိုင် ဆက်တိုက်ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...