ချစ်အိလှိုင် — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာအရှေ့ဘက်တောင်တန်းများပေါ်တွင် တိုက်ပွဲဖြစ်ပြီးနောက် တပ်မတော်မှ ရဟတ်ယာဉ်နှစ်စီးဖြင့် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
စေတီတောင်ကျေးရွာအရှေ့ဘက်တောင်တန်းများနှင့် ကွမ်းတောင်ကျေးရွာအနီး တောင်တန်းများပေါ်တွင် ဖေဖော်ဝါရီ ၁ဝ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်မှစ၍ မွန်းလွဲ ၁ နာရီခန့်အထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဘက်အပြန်အလှန်ပစ်ခတ်ပြီးနောက် တပ်မတော်မှ ရဟတ်ယာဉ် ၂ စီးဖြင့် ထပ်မံလာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“စေတီတောင်ဘက်နဲ့ ကွမ်းတောင်ရွာ ပတ်လည်တောင်တန်းတွေပေါ်ကို ရဟတ်ယာဉ် နှစ်စီးနဲ့ လာပစ်တာပါ။ စေတီတောင်ဘက်မှာတော့ ရွာထဲကို လက်နက်ကြီးကျည်စတွေ မှန်တယ်လို့ကြားတယ်။ ရဟတ်ယာဉ်တွေက ကျွန်တော်တို့ရွာဘက်တွေက ပျံပြီးပစ်နေတာ”ဟု စေတီတောင်ကျေးရွာနှင့် ၂ မိုင်အကွာရှိ စည်တောင်ကျေးရွာသားတစ်ဦးက ပြောသည်။
၎င်းတိုက်ပွဲဖြစ်ရာကျေးရွာအနီးတွင် စာသင်ကျောင်းများဖွင့်ထားပြီး ကျောင်းဖွင့်ရက်များတွင် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည့်အတွက် ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံများစိုးရိမ်နေကြကြောင်း သိရသည်။
စေတီတောင်ကျေးရွာမှ ပညာရေးဝန်ထမ်းတစ်ဦးက “ကျွန်မတို့ကျောင်းက ကျောင်းတက်ရက်မို့ ကလေးတွေကျောင်းသွားနေတဲ့အချိန် လမ်းမှာ ကလေးတွေရဲ့အနားကို ကျည်ခွံ လွင့်စင်ကျလာပါတယ်။ ကျွန်မအမေ ရှေ့တင်ပါပဲ။ တိုက်ပွဲဖြစ်နေတဲ့ကွမ်းတောင်နဲ့က ချောင်းတစ်ခုပဲခြားတာပါ။ ချောင်းစပ်နားက အိမ်နားတွေကို လက်နက်ကြီးကျည်စတွေ ကျပါတယ်။ အခု ဗုံးကျင်းထဲမှာပါ။ ရဟတ်ယာဉ်တွေနဲ့လာ ပစ်နေပါတယ်။ ကြောက်လွန်းလို့ ဘာလုပ်ရမလဲမသိတော့ပါဘူး”ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက အတည်ပြုပြောကြားသည်။
“တိုက်ပွဲဖြစ်နေတာဟုတ်ပါတယ်။ နှစ်ဘက်ပစ်နေကြတာပါ။ ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာမကြားပါဘူး။ ဘူးသီးတောင်တပ်မဘက်က လက်နက်ကြီးတွေနဲ့ပစ်နေတယ်လို့ သိရတယ်။ ကွမ်းတောင်နဲ့ စပါးထားမှာက ရွာသားတွေ မရှိတော့ဘူး။ စေတီတောင်မှာတော့ ရှိတယ်။ အခုရဟတ်ယာဉ်တွေနဲ့လာပစ်တယ်လို့ ဒေသခံတွေဆီက ဆက်သွယ်လာတယ်”ဟု ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦး နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ထံ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။
အလားတူ ရက္ခိုင့်တပ်တော် (AA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိသေးပါ။
ကွမ်းတောင်ကျေးရွာနှင့် အနီးနားကျေးရွာအချို့မှ ဒေသခံများမှာ ၂၀၁၉ နှစ်ကုန်ပိုင်းခန့်က တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားသဖြင့် ဘူးသီးတောင်မြို့ပေါ်အပါအဝင် စေတီတောင်ကျေးရွာနှင့် နီးစပ်ရာဆွေမျိုးများရှိရာသို့ ခိုလှုံလျက်ရှိကြောင်း သိရသည်။







