ကလော့ဒဲထာ့ကျေးရွာရှိ ပြည်တွင်းစစ်ဘေးရှောင်ပြည်သူ -IDP များနှင့် မယ်ပဒေသရှိ ကျေးရွာများမှ ဒေသခံ လူထုများ၏ ကျန်းမာရေးအတွက် နီးစပ်ရာဆေးရုံဆေးခန်းများ မရှိသောကြောင့် ၎င်းဆေးခန်းကို တည်ဆောက်ပေးခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်အရေးပေါ် ကူညီရေးအဖွဲ့ဝင် စောမိုရှေးက ကေအိုင်စီသို့ ယနေ့(ဖေဖော်ဝါရီ ၃ရက်)တွင် ပြောသည်။
၎င်းက “အဲ့ဒေသမှာ ငှက်ဖျားတို့၊ တုပ်ကွေးတို့ အရမ်းကြမ်းတဲ့ဒေသဖြစ်တယ်။ အဲ့က ဒေသခံတွေ နေမ ကောင်းဖြစ်ပြီးဆိုရင် ဆေးသွားပြဖို့က အဝေးကြီးသွားပြရတာက တစ်ချက်၊ ကုန်ကျစရိတ်လည်း အရမ်းများ တာက တစ်ချက်။ အဲဒါကို ရည်ရွယ်ပြီးတော့ သူတို့အတွက် တည်ဆောက်ပေးတာဖြစ်ပါတယ်။”ဟု ပြောသည်။
အဆိုပါ ဆေးခန်းကို နိုင်ငံတကာရောက် ကရင်များ၊ ကရင်လူငယ်များနှင့် ကရင်အဖွဲ့အစည်းများမှ ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးမှုဖြင့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ စတင်တည်ဆောက်ခဲ့ပြီး ဆေးခန်းတည်ဆောက်မှု၏ ကျန်ရှိ သည့်အပိုင်းများကို ပြီးစီးနိုင်ရေးအတွက် အကူအညီများ ဆက်လက်လိုအပ်နေသည်ဟုလည်း စောမိုရှေး က ဖြည့်စွက် ပြောဆိုသည်။
သစ်သားပျဉ်ထောင်ဖြင့် ဆောက်လုပ်ထားပြီး လူနာကုတင် ၁၀ လုံးထားရှိမည့် ၎င်းဆေးခန်းကို ပြီးစီးသွားပါက ကလော့ဒဲထာ့ရှိ IDP လေးရာကျော်နှင့် မယ်ပဒေသရှိ နီးစပ်ရာ ကျေးရွာပေါင်း ၂၀ ရွာခန့်မှ ဒေသခံလူထုများအတွက် ကျန်းမာရေးအကျိုးရှိစေမည်ဖြစ်ပြီး ဆေးခန်းကို ပွာဒဲအုပ်စု KNU ၏ မော်ခီးဆေးရုံခွဲအဖြစ်ထားရှိကာ လိုအပ်သည့် ကျန်းမာရေးဝန်ဆောင်မှုများနှင့် ဆေးဝါးများကို သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်း တာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု စစ်ဘေးရှောင်အရေးပေါ်ကူညီရေးအဖွဲ့က ပြောသည်။
စစ်ဘေးရှောင် အရေးပေါ်ကူညီရေးအဖွဲ့ကို ယခင်နှစ် စက်တင်ဘာလက အစိုးရတပ်မတော်၊ နယ်ခြားစောင့်တပ်-BGF ပူး ပေါင်းတပ်နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBAတို့ တိုက်ပွဲများကြောင့် ပြည်တွင်း စစ်ဘေး ရှောင်များအတွက်လိုအပ်သည့် အရေးပေါ်ကူညီများပေးရန် နယ်စယ်အခြေစိုက် ကရင်လူမှုအဖွဲ့အစည်း ရ ဖွဲ့ဖြင့် ထိုလ၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။







