စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဘူးသိုမြို့နယ်တွင် လေးနှစ်အရွယ် ကလေး ၁ ဦး သေဆုံး၊ ၁၂ ဦးဒဏ်ရာရ

စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဘူးသိုမြို့နယ်တွင် လေးနှစ်အရွယ် ကလေး ၁ ဦး သေဆုံး၊ ၁၂ ဦးဒဏ်ရာရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့ စစ်အုပ်စုတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လေးနှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ခရိုင်တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘူအားဒဲ ကျေးရွာအုပ်စု၊ မာမူ ကျေးရွာအတွင်းသို့ စစ်တပ်က ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ခရိုင်ဥက္ကဋ္ဌ ပဒို စောထဲဒယ်က ပြောသည်။

“လေယာဉ်နဲ့ လာပစ်တာ အကြိမ်ရေ ခဏခဏရှိနေပြီး။ မနေ့က သံလွင်မြစ်ကမ်းနီးနားမှာ သွားပစ်တာ ၁၀ ယောက်ကျော်လောက် ထိခိုက်တာရှိတယ်။ ကလေးတစ်ယောက် သေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ၎င်းတိုက်ခိုက်မှုကြောင့် မာမူကျေးရွာရှိ နေအိမ် (၁၂) လုံးနှင့် စာသင်ကျောင်းတစ်လုံး ထိမှန်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂) ရက်နေ့တွင်လည်း မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဖလာ့ခို့ ကျေးရွာ အုပ်စုအတွင်းသို့ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃) နယ်မြေရှိ ကျေးရွာများတွင် ယခုလ ဒီဇင်ဘာ (၈) ရက်နှင့် (၁၀) ရက်နေ့က စစ်အုပ်စု၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သံဃာ တော်တစ်ပါး အပါအဝင် ဒေသခံ ၃ ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ခဲ့သည်။

ကေအဲန်ယူ ထိန်းချုပ်သည့် နယ်မြေများတွင် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဗုံးကြဲ တိုက်ခိုက်မှုများကို အလျင်းသင့်သလို လုပ်ဆောင်သောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှု မကြာခဏ ဖြစ်ပွားလျက်ရှိသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

photo credit - CJ

March 11, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ...
March 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်)၊ လယ်ဒို (ကျောက်ကြီး)...
March 9, 2026
ရပ်ရွာဒေသ လူမှုအသိုင်းအဝိုင်းအကျိုးအတွက် အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍများကို မြှင့်...
March 7, 2026
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တောင်ကျေးရွာမှ မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်၊...