တက္ကသိုလ် တက်ရောက်ခွင့်ကို ခြိမ်းခြောက်၍ ရှမ်းပြည်မှ ကျောင်းသား ၂၅၀ ကျော် ကြိုတင်မဲပေးရန် ဖိအားပေး ခံခဲ့ရသည်ဟု ကာယကံရှင်များနှင့် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ပြောသည်။
စစ်ကော်မရှင်က ဒီဇင်ဘာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲအတွက် ‘မဲမပေးပါက တက္ကသိုလ် ဆက်လက် တက်ရောက်ခွင့်ပေးမည် မဟုတ်’ ဟူသည့် ဖိအားပေးမှုများကြောင့် ရှမ်းပြည်မှ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၂၅၀ ကျော်တို့သည် ဆန္ဒမပါဘဲ ကြိုတင်မဲပေးခဲ့ကြရကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) က နိုဝင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
SHRF ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းfဟန်က “မဲမပေးဘူးဆိုရင် သူတို့ ဒီကျောင်းဆက်တက်လို့မရဘူးဆိုတဲ့ ပုံစံမျိုး ဖိအားပေးတာပေါ့နော်။ သူတို့လည်း ကျောင်းမတက်ရမှာလည်းကြောက်တယ်၊ မဲလည်း မပေးချင်ဘူး ဆိုတဲ့ ဖိအားမျိုးတွေလည်းရှိတယ်။ တကယ်လို့ မဲမပေးခဲ့ဘူးဆိုရင် စာရင်းတွေက သူတို့နာမည် အတိအကျ ပါနေတဲ့ အခါကြတော့ ဖမ်းဆီးခံရမှာ ကြောက်တယ်ရှင့်” ဟု ပြောသည်။
ရှမ်းပြည်တောင်ပိုင်းက ပင်းတယ၊ နမ့်စန်၊ ကွန်ဟိန်းမြို့နယ်နှင့် ရှမ်းအရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တို့မှ ကျောင်း သား၊ ကျောင်းသူများသည် နေထိုင်ရာ မဲဆန္ဒနယ်ပြင်ပသို့ တက္ကသိုလ်သွားတက်ရမည့်သူများ ဖြစ်ကြသည်။
အများစုမှာ တက္ကသိုလ် ပထမနှစ် တက်ရောက်မည့် မောင်မယ်သစ်လွင်များဖြစ်ကြပြီး၊ ကျောင်းအပ်ရန်အတွက် လိုအပ်သည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာနှင့် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း၏ ထောက် ခံစာများကို ရယူရန် ဒေသတွင်း အုပ်ချုပ်ရေးတာဝန်ရှိသူများ၏ ဖိအားပေးမှုကို လက်ခံခဲ့ကြရသည်။
နမ့်စန်မြို့မှ မန္တလေးမြို့သို့ တက္ကသိုလ်သွားရောက်တက်ရောက်မည့် ကျောင်းသားတစ်ဦးကလည်း ကျောင်းအပ် ရန် ထောက်ခံစာရရှိရေးအတွက် ဆန္ဒမပါဘဲ ကြိုတင်မဲပေးခဲ့ရသည်ဟု ဆိုသည်။
ဖိအားပေးမှုကြောင့် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ အတွင်း နမ့်စန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး ၉ ခုတွင် ကျောင်းသား ၇၉ ဦး၊ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ၉၄ ဦး၊ ကွန်ဟိန်းမြို့နယ်ရှိ မဲရုံ ၂ ခုတွင် ၃၆ ဦး နှင့် မိုင်းဆတ်မြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံး ၆ ခုတွင် ၄၇ ဦးတို့ ကြိုတင်မဲပေးခဲ့ကြရ သည်။
ယခုကဲ့သို့ ဖိအားပေးခြင်းသည် လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ကို တိုက်ရိုက်ချိုးဖောက်ရာ ရောက်သည်ဟု
SHRF က ထောက်ပြသည်။
ယိင်းလျန်းဟန်က “မိဘတွေကတော့ သဘောမကျကြတာ များပါတယ်။ အဓိကကတော့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ နည်းလမ်း ကျကျနဲ့ပေါ့။ ဖိအားပေးပြီး မဲပေးတာမျိုး မရှိရဘူး။ အခုလိုမျိုး ဖိအားပေးတာက လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ကို ချိုးဖောက်ရာကျနေတယ်ရှင့်” ဟု ပြောသည်။
စစ်ကော်မရှင်၏ ယခုရွေးကောက်ပွဲသည် ပြည်သူများ၏ ဆန္ဒမပါဘဲ မဲပေးရန် အတင်းအကျပ် ဖိအားပေးနေ ခြင်းကြောင့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီနည်းကျမှု မရှိကြောင်းကို မီးမောင်းထိုးပြနေသည်ဟု
SHRF က သုံးသပ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကမူ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၈,၃၃၉ ဦး တို့သည် ကြိုတင်ဆန္ဒမဲပေးခဲ့ကြ ကြောင်း နိုဝင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်က ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့၊ ၂၀၂၆ ခုနှစ် ဇန္နဝါရီလ ၁၁ ရက်နေ့နှင့် ဇန္နဝါရီလ ၂၅ ရက်နေ့တို့၌ အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပသွားမည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။







