နေရပ်မပြန်လိုသည့် မင်းလက်ပံကျားဖြန့်လုပ်သားများ ကိုယ်ပိုင်အစီအစဥ်ဖြင့် ထွက်ခွာခွင့်ပြုထားကြောင်း KNU ပြော

နေရပ်မပြန်လိုသည့် မင်းလက်ပံကျားဖြန့်လုပ်သားများ ကိုယ်ပိုင်အစီအစဥ်ဖြင့် ထွက်ခွာခွင့်ပြုထားကြောင်း KNU ပြော

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း နယ်စပ်ဖြတ်ကျော် နေရပ်မပြန်လိုသည့် ကျားဖြန့်လုပ်သားများကို နယ်မြေလုံခြုံရေးအခြေအနေကြောင့် ၎င်းတို့ကိုယ်ပိုင်အစီအစဉ်ဖြင့် ဝန်းမှထွက်ခွာခွင့်ပြုထားရကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထံ မှ သိရသည်။

နိုဝင်ဘာ(၂၁)ရက်နေ့နောက်ပိုင်း မင်းလက်ပံနယ်မြေသို့ တကျော့ပြန်ထိုးစစ်ဆင်၊ ပစ်ခတ်နေသော စစ်အုပ်စုကြောင့် ကေအဲန်ယူအဖွဲ့ဝင်အချို့အပါအဝင် နယ်စပ်နေပြည်သူများ၊ ကေအဲန်ယူအစီအစဥ်ဖြင့် နေရပ်ပြန်ရေး ငြင်းဆန်ကျန်ရစ်နေသူတို့၏ အသက်ဘေးအန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရသူရှိလာကြောင်း ကေအဲန်ယူမှ ပြီးခဲ့သည့် ဒီဇင်ဘာ(၆)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ကြောင့် ကိုယ်ပိုင်လမ်းကြောင်း၊ အစီအစဥ်ရှာဖွေ၍ ဝန်းမှထွက်ခွာရေး တောင်းဆိုလာသည့် ကျားဖြန့်လုပ်သားများကို ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။

“ကျန်နေသေးတဲ့ သူတွေကို နားလည်အောင်ပြောဆိုပြီးတော့ သူတို့ဘာသူတို့ ပြန်ဖို့လမ်းကြောင်းရှာမယ် ဆိုတဲ့အစီအစဉ်အပေါ်မှာ သွားခွင့်ပေးလိုက်တဲ့သဘောပေါ့။ စစ်ရေးပိုပြင်းထန်လာတဲ့အပေါ်မှာ ထွက်ကို ထွက်ရမှာပဲ။ အဲဒီမှာဆက်နေလို့မရတော့ဘူး။ ကေအဲန်ယူအနေနဲ့လည်း သူတို့ကို အကောင်းဆုံးစီစဥ်ပေးခဲ့ပြီးပြီ” ဟု ပဒိုစောကလယ်စေးက ဆိုသည်။

အုပ်ချုပ်ရေးနှင့် သက်သေစုဆောင်းမှု လုပ်ငန်းစဥ်များ ပြီးမြောက်သွားသဖြင့် ငွေလိမ်ခြံဝင်း အခြေအနေကို ဆက်လက်ကိုင်တွယ်ရန်၊ ဒေသနေပြည်သူများကိုကာကွယ်စောင့်ရှောက်ရန် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA သို့ လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းထားပြီးကြောင်းလည်း ကေအဲန်ယူက ဒီဇင်ဘာ(၆)ရက်နေ့တွင် ကြေညာထားသည်။

သို့သော် စစ်အုပ်စုက စစ်ရေးနည်းလမ်းဖြင့် မင်းလက်ပံရှိ ကျားဖြန့်သက်သေ အထောက်အထားများကို ဖျောက်ဖျက်ရန်ကြိုးပမ်းနေသည်ဟု ပဒိုစောကလယ်စေးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကေအဲန်ယူထုတ်ပြန်ချက်တွင် ကျန်ရစ်နေသူ ကျားဖြန့်လုပ်သားများမှာ ခြံဝန်းမှ မိမိလမ်းကြောင်းဖြင့် ထွက်ခွာခွင့်ရရေး နည်းလမ်းအမျိုးမျိုးဖြင့် ဖိအားပေးခဲ့သလို ကေအဲန်ယူ၏ စွမ်းဆောင်ရည်ထက်ကျော်လွန်လာသော ထိန်းသိမ်းပို့ဆောင်ရေး လုပ်ငန်းစဥ်များအတွက် နိုင်ငံတကာမှ မြန်ဆန်စွာတုံ့ပြန်လာခြင်းမရှိကြောင်းလည်း ထုတ်ဖော်ပြောဆိုထားသည်။

သို့ရာတွင် Shunda Park ခြံဝန်းမှ ကျားဖြန့်လုပ်သား သုံးထောင်ကျော်အနက် နှစ်ထောင်ကျော်ကို ထိုင်းအာဏာပိုင်တို့၏ အစီအစဉ်ဖြင့် နေရပ်ပြန်ရေး ကေအဲန်ယူမှ လက်လွှဲပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျူ(USIP)၏မှတ်တမ်းများနှင့် ကမ္ဘာ့စာနယ်ဇင်းအချို့တွင်ဖော်ပြချက်အရ ကျားဖြန့်လုပ်ငန်းများသည် အရှေ့တောင်အာရှရှိ မဲခေါင်ဒေသနိုင်ငံများဖြစ်သော တရုတ်မှအစပြုပြီး မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို စသည့်နိုင်ငံတို့တွင် ကြီးကြီးမားမားဖြန့်ကျက် လုပ်ကိုင်လျက်ရှိသည်။

လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးနှင့်လောင်းကစားမှု စသည်ဖြင့် ရာဇဝတ်မှုပေါများသော ဒေသများတွင် အခြေချလေ့ရှိသည့် လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံ၌မူ လက်နက်ကိုင်နယ်မြေ၊ နယ်စပ်ဒေသများတွင် ၂၀၂၁ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ပိုမိုကြီးထွားလာကြောင်း ဖော်ပြသည်။

တရုတ်နှင့်ထိစပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသနှင့် ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံနယ်စပ် ရွှေတြိဂံနယ်မြေတို့ကို ကျားဖြန့်နှင့်ရာဇဝတ်မှုများရှိရာအဖြစ် မီဒီယာများတွင် ညွှန်းဆိုလေ့ရှိသလို လတ်တလောတွင် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီရှိ ကျားဖြန့်လုပ်ငန်းများမှာ အမေရိကန်နှင့်အာဆီယံဒေသတွင်း နိုင်ငံတချို့၏ ကြိုးပမ်းနှိမ်နင်းမှု အများဆုံးခံနေရသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...