ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား မှုတိုက်ဖျက်ရေးနေ့ဖြစ်ပြီး (၁၀) ရက်နေ့ကတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။
အဂတိလိုက်စားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဟာ မြန်မာပြည်မှာ ကင်ဆာလို အမြစ်တွယ် လှိုက်စားနေတာ ကို တွေ့ရပါလိမ့်မယ်။
ပြည်တွင်းစစ်ကြီး ရှည်ကြာလေလေ ဒီကင်ဆာရောဂါနှစ်ခုရဲ့ အမြစ်တွယ်လှိုက်စားမှုက ပိုမို နက်ရှိုင်းပြီး ကျယ်ပြန့်ကြီးမားလာလေလေပဲ ဖြစ်ပါလိမ့်မယ်။ ဒီကင်ဆာရောဂါနှစ်ခုလုံးဟာ အကျင့်စာရိတ္တနဲ့ တရား ဥပဒေကို တစစီဖြစ်အောင် ကိုက်ဖောက်စားသောက်ပြီး ကြီးထွားလာကြတာပါ။ ပြည်တွင်းစစ်ဆိုတဲ့ နွံအိုင်ကြီးက တော့ ဒီကင်ဆာရောဂါနှစ်ခု ပျော်ပါးစရာ မျိုးဆက်ပြန့်ပွားစရာ အိုင်သာယာကြီးပေါ့။
မြန်မာပြည်မှာ အခြားတိုင်းပြည်တွေထက် ပိုမိုဆိုးသွမ်းတာက လက်ရှိအုပ်စိုးသူ မင်းအောင်လှိုင် စစ်အုပ်စုက ဒီရောဂါနှစ်ခု တိုက်ဖျက်ရေးကို အရေခြုံထားလို့ပါပဲ။ စစ်အုပ်စုပေါက်ဖွားလာတဲ့ မူလဇစ်မြစ်က ဥပဒေကို ချိုးဖောက် ပြီး ပေါက်ဖွားလာတာပါ။
၁၉၅၈ ခုနှစ်မှာ ဗိုလ်နေဝင်းစစ်အုပ်စုက အာဏာသိမ်းပိုက်တုန်းကလည်း ပုဒ်မ ၁၁၆ ကို ချိုးဖောက်ပြီး (ပြင်ဆင်ပြီး) ဗိုလ်နေဝင်း အိမ်စောင့်အစိုးရ (၂၈ – ၉- ၁၉၅၈ မှ ဖေဖေါ်ဝါရီလ ၁၉၆၀) အထိ အုပ်စိုးခဲ့ပါတယ်။
[၁၉၄၇ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ပုဒ်မ။ ၁၁၆။ အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးသည် ခြောက်လမျှ တစ်ဆက်တည်း ပါလီမန်အမတ် မဟုတ်လျှင် ထိုကာလအပိုင်းအခြား ကုန်ဆုံးသောအခါ အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် မှ ရပ်စဲရမည်။]
အဲဒီ “အိမ်စောင့်အစိုးရ” ဆိုတဲ့ ဖြစ်ရပ်ဟာ ယနေ့စစ်အုပ်စုရဲ့ သန္ဓေသားလောင်းဘဝ အစဖြစ်ပါတယ်။
၁၉၆၂ခုနှစ်မှာတော့ ဗိုလ်နေဝင်းစစ်အုပ်စုဟာ ၁၉၄၇ခုနှစ် အခြေခံဥပဒေကို ဖျက်သိမ်းပစ်ပြီး ထိုစဉ်က ရွေးချယ်ခံ အစိုးရအဖွဲ့ဖြစ်တဲ့ ဦးနု(ပထစ)အစိုးရအဖွဲ့ကို ဖမ်းဆီးပြီး အာဏာသိမ်းပိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က စစ်အုပ်စု အစွယ်ပေါက်လာပြီလို့ ဖော်ပြလိုက်တာပါ။
ထိုသို့ အာဏာသိမ်းပိုက်ရာမှာ ထိုစဉ်က တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၄၇ခုနှစ် အခြေခံဥပဒေနဲ့အညီ အာဏာရ အစိုးရ(ပထစ)ရဲ့ တရားဝင်သဘောတူခွင့်ပြုချက်နဲ့အညီ နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံက ကျင်းပပြုလုပ်နေတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ (ဖက်ဒရယ်မူ) နှီးနှောဖလှယ်ကြတဲ့ ကိစ္စကို “ခွဲထွက်ရေး လှုပ်ရှားမှု”လို့ တစ်ဖက် သတ် တံဆိပ်ကပ်ပြီး လိမ်ညာဝါဒဖြန့်ခဲ့ပါတယ်။ ဒါ့အပြင် “ပြည်သူပိုင်တံဆိပ်”ကပ်ပြီး စီးပွားရေးလုပ်ငန်းတွေကို လုယက်သိမ်းပိုက်ခဲ့ပါတယ်။ ဗိုလ်နေဝင်းစစ်အုပ်စု အာဏာသိမ်းပိုက်မှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ဆန္ဒပြမှုကို အကြမ်းဖက်ပစ်ခတ်နှိမ်နင်းပြီး သမိုင်းဝင်(တကသ) အဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖြိုချဖျက်ဆီးပစ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ဖြစ်ရပ်တွေက စစ်အုပ်စုက သန္ဓေတည်မွေးဖွားလာကတည်းက လိမ်ညာလှည့်ဖြားလုယက်မှု၊ သတ် ဖြတ်မှု၊ ဥပဒေချိုးဖောက်မှုတွေ တစ်သီတစ်တန်းကြီးကို ကျူးလွန်ခဲ့တာ ထင်ရှားနေပါတယ်။
အဲဒီ ၁၉၅၈ အိမ်စောင့်အစိုးရ – ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရကနေ ဒီနေ့ မင်းအောင်လှိုင်တို့ (စကမ)စစ်အုပ်စုအထိ နှစ်ပေါင်း ၆၀ကျော် ၇၀နီးပါး ကာလအတွင်းမှာ စစ်အုပ်စုအဆက်ဆက်ရဲ့ အဂတိလိုက်စားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စာရင်းချကြည့်မယ်ဆိုရင် မြန်မာ့စွယ်စုံကျမ်းထက် စာမျက်နှာရော အတွဲပါ အရေ အတွက်အရ အပြတ်အသတ် သာလွန်သွားမှာ သေချာပါတယ်။
မင်းအောင်လှိုင်တို့ (စကမ)စစ်အုပ်စု အာဏာသိမ်းပိုက်ပုံကိုလည်း ကြည့်ပါ။ “မဲမသမာမှု” ဆိုတာဟာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆီကနေ ထိုစဉ်က အာဏာရ အစိုးရဖြစ်တဲ့ ဒီချုပ်ပါတီအစိုးရဆီကနေ အာဏာသိမ်းပိုက်နိုင်ဖို့အတွက် ပုံကြီးချဲ့တဲ့ကိစ္စဖြစ်ပါတယ်။
ဒါဟာ ဟိုးလွန်ခဲ့ သော ၁၉၆၂ခုနှစ်ဆီက ဗိုလ်နေဝင်းစစ်အုပ်စုက “ဖက်ဒရယ်မူကိစ္စ”ကို “ခွဲထွက်ရေး”လို့ သရုပ်ဖျက်အကြောင်းပြပြီး အာဏာသိမ်းပိုက်တာနဲ့ သဘောအနှစ်သာရချင်းအတူတူပဲ ဖြစ်ပါတယ်။ ဗိုလ်နေဝင်း စစ်အုပ်စုက ၁၉၄၇ အခြေခံဥပ ဒေကို ဖျက်သိမ်းပစ်ခဲ့ပေမယ့်။ မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုကတော့ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းမပစ် ခဲ့ပါဘူး။ သူတို့ရဲ့ နိုင်ငံရေးခံကတုတ်သဖွယ်ဖြစ်နေတဲ့ ၂၀၀၈ အခြေခံဥပဒေကို သူတို့ ဖျက်သိမ်းမပစ်နိုင်ပါဘူး။
ဒါပေမယ့် သူတို့ရဲ့ အာဏာသိမ်းပိုက်မှုကတော့ အနှစ်သာရအားဖြင့် သူတို့လက်နဲ့ရေးထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ခြေနဲ့ပြန်ဖျက်လိုက်တာပဲ။ “ဥပဒေက မည်သို့ပင်ဆိုထားစေကာမူ” ဆိုတဲ့ ဥပဒေအထက်မှာ စစ်အုပ်စု ထာဝ စဉ်ရှိနေတယ်ဆိုတဲ့ စစ်အုပ်စုသဘောတရားအတိုင်း မိုက်မိုက်ကန်းကန်း လုပ်ဆောင်တာပါ။
မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စု အာဏာသိမ်းပိုက်စဉ်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့တဲ့ မိုးမြင့် ထွန်းရဲ့ အကျင့်ပျက်လာဘ်စားမှုကို ကြည့်ပါ။ ဘယ်လောက်ဆိုးသွမ်းပါသလဲ။ အကျင့်ပျက်ခြစားမှုဟာ စစ်အုပ်စုရဲ့ ခြေဆုံးခေါင်းဆုံးမှာ အမြစ်တွယ်နေတာဖြစ်တယ်ဆိုတာကို မိုးမြင့်ထွန်းဖြစ်ရပ်က ဖော်ပြတာပါ။ ဒါမျိုးတွေက ၂၀၀၄ ခုနှစ်က ဗိုလ်ခင်ညွန့်ထောက်လှမ်ရေးဂိုဏ်းကို ဗိုလ်သန်းရွှေဂိုဏ်းက ဖြိုတုန်းကလည်း စစ်ထောက်လှမ်းရေး အကောင် ကြီး၊ အကောင်လတ်၊ အကောင်ပိစိကွေးတွေရဲ့ အကျင့်ပျက်လာဘ်စားမှုတွေကို လက်ဦးမှုရသွားတဲ့ ဗိုလ်သန်းရွှေဂိုဏ်း က စာရင်းနဲ့တကွ ဖော်ပြခဲ့ဖူးတယ်မဟုတ်ပါလား။ အကယ်၍သာ စစ်အုပ်စုအတွင်း ခွာရာတိုင်း ဗိုလ်လု အာဏာလု ကြတဲ့ပွဲမှာ ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးကသာ လက်ဦးမှုရခဲ့တယ်ဆိုရင် ဗိုလ်သန်းရွှေဂိုဏ်းဟာ အဲဒီလို အကျင့်ပျက် ခြစားမှု စာရင်းရှည်ကြီးနဲ့ နှစ်ရှည် ထောင်ဒဏ်ချခံရမှာပါ။
ဒီဖြစ်ရပ်တွေကနေ ကျနော်တို့ ဘာတွေသိမြင်နိုင်သလဲ၊ ဘာတွေကောက်ချက်ချနိုင်သလဲ။ စစ်အုပ်စုတွင်းမှာ အကျင့်ပျက်ခြစားမှုဟာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်တည်ရှိနေတယ်။ ဂိုဏ်းအုပ်စုချင်း အာဏာ ခွာရာတိုင်းမှုတွေဟာ အစဉ်သဖြင့် တည်ရှိနေတယ်။ ဒီလိုဖြစ်ရပ်တွေဟာ သူတို့စစ်အုပ်စုအ တွင်း အဆင့်နေရာ အာဏာပြိုင်ကြရင်း နောက်ဆုံးအဆင့်အထိရောက်ရှိလာပြီး ပေါက်ကွဲသွားတဲ့အခါ ရှုံးနိမ့်သွားတဲ့ အုပ်စုဟာ လာဘ်စားမှုတွေ အားလုံးပုံချခံရပြီး ထောင်နန်းစံကြရတယ်ဆိုတာပါပဲ။ လက်ဦးမှုရတဲ့အုပ်စုက ဗိုလ်ဆက် လုပ်ပြီး သူတို့ကပဲ သူတော်ကောင်းယောင်ဆောင်ကြပါတယ်။ တကယ်တော့ တစ်ကြိတ်တည်း တစ်ဉာဏ်တည်း အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား စစ်တက္ကသိုလ် (DSA)ဆင်းတွေပါပဲ။
မြဝတီမြို့နဲ့ ကရင်ပြည်နယ်ကို အကျည်းတန်အရုပ်ဆိုးစေတဲ့ အွန်လိုင်းလိမ်ညာမှု (ကျားဖြန့်)ဆိုတဲ့ ကိစ္စကိုလည်း ကြည့်ပါ။ ဒီလောက်ကြီးမားများပြားတဲ့ အဆောက်အအုံတွေ၊ လူတွေကို ကြိုးရှည်ရှည်နဲ့လှန်ထားပြီး အမြိန့် သား ထိုင်းစားနေကြပြီး တိုင်းကျော်ပြည်ကျော် ဒုစရိုက်မှုခင်းကြီးဖြစ်လာတော့မှ ဟိုလူ့လက်ညှိုးထိုး ဒီလူ့လက်ညှိုးထိုး ဟိုအဖွဲ့လက်ညှိုးထိုးဒီအဖွဲ့ လက်ညှိုးထိုးနေတယ် မဟုတ်ပါလား။ ဘယ်သူမပြု မိမိမှုပါပဲ။
အားလုံးဟာ မိမိကိုယ်ကို မိမိအသိဆုံးပါပဲ။ ဒီဖြစ်ရပ်ကနေ “မြန်မာ – ထိုင်းနယ်စပ် မြဝတီ – မယ့်ထော်သလေး KKPark – ရွှေကုက္ကိုလ် – ကျောက်ခက်”ကနေ “နေပြည်တော် ကာချုပ်ရုံး”အထိ ဘယ်သူတွေ ပါဝင်ပတ်သက်ခဲ့ကြသလဲ ဆိုတဲ့ ဆက်နွယ်ပတ် သက်မှုအဆင့်ဆင့်ရဲ့“မြေပုံ”ကို ဖော်ထုတ်ပြသနေပါတယ်။
သက်သေခံနေပါတယ်။ မြန်မာ-တရုတ်နယ်စပ်က (ကိုးကန့် ဒေသ)မှာတော့ သွေးထွက်သံယိုမှုတွေ၊ ဖမ်းဆီးအပ်နှံလွှဲပြောင်းပေးမှုတွေကို တွေ့မြင်ခဲ့ကြရပြီးပါပြီ။ မြန်မာ-ထိုင်း နယ်စပ် (မြဝတီ)ကနေ ဘယ်လိုအကျိုးဆက်ဖြစ်ရပ်တွေပေါ်လာမလဲ ဘယ်သူတွေ ဓားစားခံဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြရအုံးမှာပါ။
ဒီတော့ စစ်အုပ်စု အုပ်စိုးမှုဟာ သန္ဓေတည်ပေါက်ဖွားစဉ်မှာရော အမွေးထူ၊ အစွယ်ပေါက် အရိုးရင့်လာတဲ့ လက်ရှိအချိန်မှာရော အဂတိလိုက်စားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ကင်ဆာရောဂါလို ခြေဆုံးခေါင်းဆုံး စွဲကပ် လှိုက်စား တည်ရှိနေတာကို အတိုင်းသားတွေ့မြင်နေရပါတယ်။
ကောက်ချက်ချနိုင်တာကတော့ အဂတိလိုက်စားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကင်းစင်ဖို့ဆိုရင် “စစ် ၃ စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေကို တိုက်ဖျက်ရမယ် – ရှည်ကြာနေတဲ့ပြည်တွင်းစစ်” ကို ရပ်စဲပစ်ရမယ်။ ဒီ ၂ခုကို ပီပီပြင်ပြင် မလုပ်ဆောင်နိုင်သမျှ ကာလပတ်လုံး အဂတိလိုက်စားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တည်ရှိမြဲ တည်ရှိနေပါ လိမ့်မယ်။
စစ်အုပ်စုက “အဂတိဖယ်ခွာ ပြည်သာယာ” လို့ ဆိုပါတယ်။ စစ်အုပ်စုကို အကုန်အစင် အမြစ်ထုတ် ဖယ်ခွာ ပစ်နိုင်မှသာ တိုင်းပြည်သာယာလာမှာ အမှန်ပါ။







