ကျောက်တော်တွင် လူငယ်တစ်ဦး ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ဆေးရုံတွင် အရေးပေါ်ပြလိုက်ရ

ကျောက်တော်တွင် လူငယ်တစ်ဦး ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ဆေးရုံတွင် အရေးပေါ်ပြလိုက်ရ

ဆောင်းဇာခြည် __ ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် လူငယ်တစ်ဦး ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ကျောက်တော်ဆေးရုံတွင် အရေးပေါ်သွားရောက်ပြသလိုက်ရကြောင်း သိရသည်။

ဆေးရုံတွင် အရေးပေါ်ပြလိုက်ရသူမှာ ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ ဦးအောင်စံသိန်းနှင့် ဒေါ်မိုးသန္တာတို့၏ သား မောင်အာနိုး (၁၇) နှစ်ဖြစ်သည်။

သူသည် ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းက ကျောက်တော်မြို့ အဝင်လမ်းဖြစ်သည့် ကံကြီးရှင်ဘုရားဘက်မှ ဆိုင်ကယ်ဆီဖြည့်ရန် သွားရောက်စဉ် ဘုရားဝင်းရှိ တပ်မတော်သားများ၏ ဖမ်းဆီးစစ်ဆေးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်ဟု ကာယကံရှင် မောင်အာနိုးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ပုံမှန်ဆို ဒီဘက်လမ်းက တစ်ခါမှ မသွားဘူး။ ဗြုန်းခနဲ သတိဝင်လာမှ အဲဒီလမ်းဘက်က လာနေမိတာကို သတိရသွားတယ်။ အဲဒီလို သတိဝင်လာတော့ ကျွန်တော်လည်း ကြောက်ပြီး ဆိုင်ကယ်ကို အမြန်မောင်းတော့ တာပါပဲ။ အဲဒီမှာ သူတို့က ထွက်လာပြီးတော့ ဆိုင်ကယ်ကို တားတယ်။ ပြီးတော့ တားလို့ ရပ်တာနဲ့ နောက် ကျောကို သေနတ်ပေါင်နဲ့လား ဘာနဲ့လဲတော့ မသိလိုက်ဘူး။ တစ်ခုခုနဲ့ ထောင်းရိုက်လိုက်ပါတယ်။ တစ်ခွန်းမှ မပြောဘဲပေါ့နော်။ ပြီးတော့ ကံကြီးရှင်ဘုရားထဲကို ဆွဲခေါ်သွားတယ်။ လက်ကို ကြိုးနဲ့ နောက်ပြန်တုတ်ပြီး တော့လေ။ ပြီးတော့ ပါးကို နှစ်ချက် ရိုက်ပါတယ်။ ကျွန်တော့်ကို စစ်သားတွေက ဝိုင်းအုံထားကြပါတယ်။ သေနတ်တွေနဲ့လည်း ခေါင်းကို ချိန်ထားကြပါတယ်။”ဟု ကာယကံရှင် မောင်အာနိုးက ပြောသည်။

မောင်အာနိုးအား တပ်မတော်သား အချို့မှ မိဘအမည်များနှင့် အလုပ်အကိုင်များအား စစ်ဆေးမေးမြန်းနေစဉ် ယင်းထဲမှ တပ်မတော်သားတစ်ဦးက မောင်အာနိုးဖြေသည့် မေးခွန်းများမှာ ဟုတ်မှန်ကြောင်း ထောက်ခံပြောဆို၍ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ရိုက်နှက်ခံရသည့်အတွက် နောက်ကျောနှင့် ပါးတို့တွင် နာကျင်သွားသည့်အတွက် ဆေးရုံ အရေးပေါ်တွင် သွားပြလိုက်ရကြောင်း မောင်အာနိုးက ပြောသည်။

"အတွင်းဒဏ်ရာတွေလည်း မရခဲ့ဘူးလို့ ဆေးရုံက ပြောပါတယ်။ ဒါကြောင့် ဓာတ်မှန်လည်း မရိုက်ခဲ့ရဘူး။"ဟု ၎င်းက ပြောသည်။

မောင်အာနိုးသည် ကျောက်တော်မြို့နယ် ဘူးသီးတောင်ကျေးရွာအနီး လမ်းလုပ်နေသည့်အဖွဲ့တွင် စာရင်းကိုင်တစ်ဦးဖြစ်ပြီး သူ၏ လုပ်ဖော်ကိုင်ဖက် သုံးဦးနှင့်အတူ ကျောက်တော်မြို့သို့ပြန်လာစဉ် ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

မောင်အာနိုးနှင့်အတူပြန်လာခဲ့သည့် ကိုကျော်နိုင်ဆန်းက “ကျွန်တော်က အဲဒီလမ်းလုပ်တာမှာ ဘိလပ်မြေတွေ၊ ကွန်ကရစ်တွေကို ထည့်ပြီး ဖျော်တဲ့ ကားကို မောင်းပါတယ်။ အာနိုးနဲ့ အတူတူလုပ်တာပါ။ မနေ့ညက သူက ဆိုင်ကယ်ကို ဆီဖြည့်မယ်ဆိုပြီး ကံကြီးရှင်ဘုရားဘက်က တစ်ယောက်တည်း သွားတာပါ။ ကျွန်တော်တို့က ပိုက်သည်ရပ်ကွက်ဘက်က လာခဲ့ကြပါတယ်။”ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

Most read this week

April 24, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ...
April 24, 2024
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင်ပိတ်မိနေသည့် အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ...
April 23, 2024
စစ်‌အာဏာသိမ်းပြီးနောက်  ရခိုင်ပြည်၊ အမ်း- ရိုးမရှိ တောင်စောက် ရေနံနှင့် သဘာ၀ဓာတ်ငွေ့...
April 23, 2024
အာရက္ခတပ်တော်( AA)၏ ခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ လူမျိုးရေး ဘာသာရေး ခွဲခြားသူများ မဟုတ်ဘဲ...