AA ပြန်လွှတ်ပေးလိုက်တဲ့ ဦးဝှေ့တင်းနှင့် အင်တာဗျူး

AA ပြန်လွှတ်ပေးလိုက်တဲ့ ဦးဝှေ့တင်းနှင့် အင်တာဗျူး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ ၁၄ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးကို တက်ရောက်ဖို့  ပလက်ဝမြို့ကနေ ထွက်လာပြီး ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာနားမှာ လွန်ခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က အေအေရဲ့ အဖမ်းဆီးခံခဲ့ရပါတယ်။ အေအေရဲ့ ၇၈ ရက်တာ ထိန်းသိမ်းခံခဲ့ရတဲ့ ဦးဝှေ့တင်း ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ချင်းဝေါလ် မီဒီယာက မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး ပြန်လွတ်လာတဲ့အပေါ် ခံစားချက် ပြောပြပေးပါ။

ဖြေ။ ။ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး လွတ်လာတဲ့အပေါ်မှာ နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော်အကြီးအကဲများအားလုံး၊ ချင်းပြည်သူတစ်ရပ်လုံး ကျွန်တော်ရဲ့ မဲဆန္ဒနယ်မှာ ရှိတဲ့ ပြည်သူတွေက ဝိုင်းဝန်းဆုတောင်း အားပေးကြတယ်။ နိုင်ငံတကာက ချင်းအဖွဲ့အစည်းတွေကလည်း အားလုံး ဆုတောင်း ရပ်တည်ပေးတဲ့အတွက် ဒီလိုမျိုး လွတ်လာတာလို့ ကျွန်တော်ကတော့ စိတ်ထဲမှာ မှတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့အနေနဲ့ ကျွန်တော့်အပေါ်မှာ နာကျင်စေတဲ့ ထိခိုက်စေတဲ့ အပြုအမူတွေ မတွေ့တဲ့အတွက်လည်း အခု လွတ်လာတဲ့ အချိန်မှာဆိုရင် ကျန်းမာရေးအနေအထားလည်း ကောင်းမွန်နေပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုလည်း ဖော်ဆောင်တဲ့အနေနဲ့ တိုင်းရင်းသားအချင်းချင်းဖြစ်တဲ့အတွက် ကျွန်တော့်ကို လွှတ်ပေးတယ်လို့ စိတ်ထဲမှာ ယုံကြည်တာပေါ့။

မေး။ ။ ဘာလို့အဖမ်းခံရတယ်လို့ ကိုယ့်ဟာကိုယ် ထင်လဲ။

ဖြေ။ ။ ကျနော့်ကို ဖမ်းတဲ့အပေါ် ထင်မြင်ယူဆချက်ကတော့ AA နှင့် ဆက်နွယ်ပတ်သက်တဲ့ တချို့ဒေသခံတွေက ကျနော့်လုပ်ဆောင်ချက်ပေါ်မှာ အထင်အမြင်လွဲမှားမှုကြောင့် ဒီလို ဖမ်းဆီးထိန်းသိမ်းတာလို့ ယူဆတာပေါ့၊ အဖမ်းခံရပြီးတော့ ပြန်လွတ်လာတဲ့အပေါ်မှာ သူတို့လည်း သူတို့ရဲ့ ရက္ခိုင့်နိုင်ငံတော်ပြန်ရဖို့ တိုက်ပွဲဝင်နေကြတာလို့ အချင်းချင်းပြောတာကြားတယ်၊ ဆိုတော့ သူတို့ရဲ့နိုင်ငံရေးကိုလည်း ဘာမှ ဝေဖန်စရာမရှိပါဘူး၊ သူတို့ရဲ့ နိုင်ငံရေးခံယူချက်ဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။

မေး။ ။ အထိန်းသိမ်းခံရတဲ့ ကာလမှာ အဓိက ဘယ်လိုအခက်အခဲတွေ ကြုံရသလဲ။

ဖြေ။ ။ ဘာပဲဖြစ်ဖြစ် သူတို့ဘက်က ၇၈ ရက်ကြာ ထိန်းသိမ်းတဲ့ကာလမှာလည်း နှိပ်စက်မှုတွေ မရှိပါဘူး၊ သို့သော်လည်းပဲ  နိုဝင်ဘာ ၃ ရက်နေ့ ညနေက စပြီးတော့ ခြေကျင်းခတ်ပြီး ထိပ်တုံးမှာ နိုဝင်ဘာ ၂၅ ရက်နေ့ထိ အလေးသွားတာကလွဲပြီး နေ့ည ထိပ်တုံးနဲ့ နေရတာပေါ့လေ၊ တောထဲမှာဆိုတော့ လေကလည်းတိုက် ၊ ချမ်းလဲချမ်း ဆောင်းရာသီလည်းဖြစ်တယ်ဆိုတော့ ကျနော့်အတွက် အဲဒီအချိန်က နေရအခက်ဆုံး ဖြစ်တာပေါ့။

မေး။ ။ အထိန်းသိမ်းခံရတဲ့အချိန် ဘယ်လိုစစ်ဆေးမှုတွေ အလုပ်ခံရသလဲ။

ဖြေ။ ။ နံပါတ် ၁ အနေနဲ့ကတော့ ကျနော့်ကို လွှတ်တော်ကိုယ်စားလှယ်မှန်း သူတို့သိပါတယ်၊ ကြိုတင်သတင်းပေးမှုတွေရှိတဲ့အတွက် တားပြီးတော့ဖမ်းတာပေါ့။ ကျနော့်ကိုဖမ်းဆီးရတဲ့ အကြောင်းရင်းအနေနဲ့ ၁ ကတော့ မြန်မာ့တပ်မတော်ကို သတင်းအပေးအယူလုပ်တဲ့သူတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ ကျနော့်ကို စွပ်စွဲ၊ ဒုတိယအချက်က အဲဒီရရှိလာတဲ့သတင်းတွေကို မြန်မာ့တပ်မတော်ကို သတင်းပို့တယ်လို့ စွပ်စွဲတယ်၊ တတိယစွပ်စွဲတာကတော့ ကျနော်လွှတ်တော်ကိုယ်စားလှယ်မဖြစ်ခင်မှာ ပလက်ဝမြို့ ခူမီးချင်းလူငယ်များအသင်းရဲ့ တည်ထောင်သူ တစ်ဦးဖြစ်တဲ့အတွက် ခူမီးချင်းလူငယ်တွေကို စည်းရုံးပြီးတော့ ပြည်သူ့စစ်သင်တန်းတွေ တက်ခိုင်းတယ်လို့ ကျနော့်ကို စွပ်စွဲတယ်။ အဲဒီသုံးချက်နဲ့ပေါ့၊ ဒါပေမယ့် သူတို့ စွပ်စွဲတဲ့အဲဒီ သုံးချက်လုံးမှာ ကျနော် ပါဝင်ခြင်း မရှိဘူးလို့ အတိအလင်း သူတို့ကို ပြောတယ်။

မေး။ ။ အထိန်းသိမ်းခံရတဲ့ နေရာမှာ တခြား ဖမ်းဆီးထိန်းသိမ်းခံရသူတွေကော ရှိလား။ သူတို့အပေါ်ကော အေအေက ဘယ်လို ဆက်ဆံသလဲ။

ဖြေ။ ။ ကျနော် ထိန်းသိမ်းမခံရခင် ၉ရက်အလိုမှာ ပညာရေးအထွေထွေဝန်ထမ်းတစ်ဦးကို ဖမ်းတယ်လို့ ကျနော်သိထားတယ်၊ သူ့ကိုတော့ လုံခြုံတဲ့နေရာတစ်ခုကို ရောက်တော့ ကျနော် မတွေ့ဘူး၊ လွတ်ခါနီးမှာ သူနဲ့တွေ့တော့ ကျနော့်ကို တွေ့ပေမယ့် စကားမပြောရဲဘူးလို့ သူက ပြောတယ်၊ လွတ်ခါနီးမှာပဲ အဲဒီစခန်းထဲမှာပဲ စတွေ့တယ်ပေါ့၊ အဲဒီတစ်ယောက်ပဲ တွေ့ဖြစ်တယ်၊ ကျန်တဲ့လူတွေက သူတို့ရဲ့အောက်ခြေ ရဲဘော်တချို့က အစားအသောက်အပိုင်းရော လူကြီးတွေနဲ့ အချေအတင်ဖြစ်တာလားတော့ မသိဘူး၊ တပ်ပြေးတွေ ရှိတယ်၊ ကျနော့်ကို ထိန်းသိမ်းတဲ့နေ့ကတော့ အဲဒီ တပ်ပြေးလေးဦးနဲ့အတူ ထိပ်တုံး ခတ်ထားတယ်ပေါ့။

မေး။ ။ တောထဲမှာ အဖမ်းခံရတာဆိုတော့ အစားအသောက် အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ အစားအသောက်ကတော့ တောထဲတောင်ထဲမှှာဆိုတော့ ခန့်မှန်းလို့ရမှာပါ၊ များသောအားဖြင့် အသီးအရွက်တွေစားရတယ်၊ ဆယ်ရက်တစ်ပတ်လောက်မှာတော့ အသားတစ်တုံး နှစ်တုံးကျွေးတယ်၊ ရခိုင်ကထွက်တဲ့ ငါးလည်း ကျွေးတယ်၊ လွတ်ခါနီးသုံးရက်မှာတော့ ကျနော့်ကို အမဲသားရော ဝက်သားရော ကောင်းကောင်းမွန်မွန်ကျွေးတော့ စားလိုက်ရတယ်ပေါ့ဗျာ။

မေး။ ။ တွေ့ခဲ့ကြုံခဲ့သလောက်မှာ အေအေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကော ရှိလား။

ဖြေ။ ။ အဖမ်းခံနေရတုန်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုကတော့ နိုဝင်ဘာ ၃ရက်နေ့ကနေ ၂၇ ရက်နေ့ထိ စုစုပေါင်း ၂၅ရက်ကို ခြေကျင်းလည်း ခတ်ထားတယ်၊ ထိပ်တုံးလည်း ခတ်ထားသေးတယ်ဆိုတော့ အလေးသွားချိန်မှအပ အင်မတန်မှ နေရခက်တဲ့ အခြေအနေပဲ။

မေး။ ။ ထိန်းသိမ်းခံရတဲ့ ကာလမှာ ကိုယ့်အသက်ဘေးအတွက် စိုးရိမ်မှုတွေကော ရှိခဲ့သေးလား။

ဖြေ။ ။ ကျနော် အထိန်းသိမ်းခံရတာက ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာပေါ့၊ နိုဝင်ဘာ ၄ရက်နေ့ မနက်မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်တယ်၊ တိုက်ပွဲဖြစ်နေတဲ့အသံကိုလည်း ကြားရတယ်ပေါ့၊ ပြီးတော့ ARSA ကနေ ကုလားတန်မြစ်ကူးတံတားအတွက်သုံးမယ့် ပစ္စည်းတွေ တင်လာတဲ့ သင်္ဘောကို ပစ်ခတ်နေတာတွေလည်း ကြားခဲ့ရတယ်၊ အဲဒီလိုမျိုးအချိန်မှာတော့ နှစ်ဘက်တိုက်ပွဲ အကြီးအကျယ်ဖြစ်လာရင် ကျနော့်ကိုထိမှာတော့ စိုးရိမ်ပူပန်မှုတွေရှိခဲ့တယ်၊ ဒါပေမယ့် ဘယ်မှလည်း ပြေးစရာမရှိတဲ့အခါကျတော့ သည်းခံပြီးတော့ ဘုရားတ ပြီး နေခဲ့ရတဲ့ အနေအထားတော့ ရှိခဲ့ပါတယ်။

မေး ။ ။ အခြားဒေသခံတွေ အဖမ်းခံရတာတွေလည်း ရှိနေတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ကော။

ဖြေ။ ။ ချင်းလူ့အဖွဲ့အစည်းတစ်ရပ်လုံးကလည်း တောင်းဆိုနေကြတယ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ကလည်း တောင်းဆိုနေတဲ့ဟာ ဖြစ်တယ်၊ ဘာပဲဖြစ်ဖြစ် ကျန်နေသေးတဲ့သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့တော့ ဖြစ်သင့်တာပေါ့၊ ပြီးတော့ ဒါက တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကိုလည်း ဖော်ဆောင်တယ်၊ အိမ်မှာ ကျန်ခဲ့တဲ့မိသားစုတွေကလည်း သူတို့ အသက်ရှိသေးလား၊ ဘာဖြစ်နေလဲဆိုတာ စိုးရိမ်နေကြမယ်၊ ဘာပဲဖြစ်ဖြစ် အမြန်ဆုံး လွှတ်ပေးသင့်တယ်လို့ ကျနော်ပြောချင်ပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ အခုလို လွှတ်တော်ပြန်တက်နိုင်တဲ့အပေါ် ခံစားချက်ကော။

ဖြေ။ ။ ၁၄ ကြိမ်မြောက်အစည်းအဝေးတော့ ကျနော်မမီလိုက်ဘူး၊ ၁၅ကြိမ်မြောက် အစည်းအဝေးမှာတော့ လွှတ်တော် တက်တဲ့နေ့မှာပဲ နိုင်ငံတော်သမ္မတကြီးနဲ့ နှုတ်ဆက်ခွင့်ရခဲ့တယ်၊ ပြီးတော့ လွှတ်တော်နာယကကြီး ဦးတီခွန်မြတ်နဲ့လည်း တွေ့ခွင့်ရခဲ့တယ်၊ အမျိုးသားလွှတ်တော် ဥက္ကဌကြီးနဲ့လည်း ခဏတွေ့ပါတယ်၊ ဘာပဲဖြစ်ဖြစ် ၁၄ကြိမ်မြောက် လွှတ်တော်မှာ မေးဖို့လုပ်ထားတဲ့ မေးခွန်းတွေကို ၁၅ကြိမ်မှာ ဆက်တိုက်မေးဖို့ ရှိပါတယ်၊ ကိုယ့်ဒေသ ဖွံ့ဖြိုးရေးအတွက် ကျနော့်ရဲ့ တတ်နိုင်တဲ့ဘက်ကတော့ ဒေသအကျိုးကို ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန် ချထားပြီးသားလည်း ဖြစ်ပါတယ်၊ ကျန်တဲ့ တစ်နှစ်တာကာလမှာလည်း ချင်းပြည်နယ်တိုးတက်ဖို့အတွက် အထူးသဖြင့် ကျနော့်ရဲ့ မဲဆန္ဒနယ်မြေရဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတဲ့အားလျော်စွာ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဆောင်ရွက်သွားမယ်လို့ ကျနော်ပြောချင်ပါတယ်။

Salai Benezar မေးမြန်းတင်ပြသည်။

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...