“ဒီရွေးကောက်ပွဲမှာ ဘာမှအားကိုးလို့ မရဘူး။ ကျနော်တို့ အားကိုးနိုင်တာကတော့ တိုင်းရင်းသားအချင်းချင်း ညီညီညွတ်ညွတ် ကိုယ်ရှိတဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ ထိန်းသိမ်းဖို့ တိုက်ယူဖို့ အဲတာကို ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားရမှာပေါ့။”

“ဒီရွေးကောက်ပွဲမှာ ဘာမှအားကိုးလို့ မရဘူး။ ကျနော်တို့ အားကိုးနိုင်တာကတော့ တိုင်းရင်းသားအချင်းချင်း ညီညီညွတ်ညွတ် ကိုယ်ရှိတဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ ထိန်းသိမ်းဖို့ တိုက်ယူဖို့ အဲတာကို ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားရမှာပေါ့။”

သျှမ်းပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေး အပြောင်းအလဲတွေကြားမှာ “၁၀၂၇ စစ်ဆင်ရေး” က အပြောင်းအလဲကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ “၁၀၂၇ စစ်ဆင်ရေး”အတွင်းမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဖြစ်တဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့က နယ်မြေအများအပြား ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တရုတ်ဖိအားပေးမှုနှင့် စစ်တပ်၏ တန်ပြန် ထိုးစစ်ဆင်မှုတွေကြောင့် နယ်မြေတစ်ချို့ကို ပြန်လည်စွန့်လွှတ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ -၂၈ ရက်နေ့မှာ တရုတ်ကြားဝင်စေ့စပ်မှုကြောင့် TNLA နဲ့ စစ်ကော်မရှင်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံပြီး အပစ်ရပ် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီအပစ်ရပ် သဘောတူစာချုပ် လက်မှတ်မထိုးနိုင်ခင်မှာ စစ်တပ်က နောင်ချို၊ ကျောက်မဲ၊ သီပေါတို့ကို စစ်အင်အား အလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်ခဲ့တာကြောင့် TNLA ဘက် လက်လွှတ်ဆုံးရှုံးခဲ့ရပြန်ပါတယ်။

တစ်ဖက်မှာလည်း အခု အပစ်ရပ် သဘောတူညီချက် လက်မှတ်ထိုးနိုင်ချိန်မှာ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တို့ကို TNLA က စစ်ကော်မရှင်ထံ ပြန်လွှဲအပ်ရမယ်လို့ ပါရှိတာကြောင့် လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်တော့မယ် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက်ကြောင့်လားဆိုတာ စဉ်းစားစရာ တစ်ခုပါ။

ဒါကြောင့် ယခုဖြစ်ပျက်နေတဲ့ သျှမ်းပြည်အတွင်း နိုင်ငံရေး၊ စစ်ရေး အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဘယ်လို အခြေအနေ ရှိလာနိုင်မလဲ ဆိုတာကို သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန် မှ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇-၂၈ ရက်နေ့မှာ စစ်ကော်မရှင်နဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ အပစ်အခတ် ရပ်စဲရေး ကြေညာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေကိုတော့ TNLA က စစ်ကော်မရှင်ထံ ပြန်အပ်ပေးမယ်လို့ သဘောတူခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ထင်မြင်မိပါသလဲ။

ဖြေ ။ ။ အားလုံးကို ခြုံငုံကြည့်လိုက်ရင်တော့ အပေးအယူ လုပ်တယ်လို့ပဲ ပြောရမှာပေါ့။ အခုလောလောဆယ် ဖြစ်နေတဲ့ အနေအထားက TNLA က အထိနာနေတယ်။ အဲဒီ အထိနာနေတဲ့ အတွက်ကြောင့် သူအခု လုပ်နေတဲ့ လုပ်ရပ်တွေကလည်း အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ လုပ်တယ်လို့ပဲ ပြောရမှာပေါ့။

တကယ်တမ်းဆိုရင်လည်း ဘယ်သူမပြု မိမိမှုလို့ပဲ ပြောရမှာပေါ့။ စစ်တပ်ကတော့ သူလုပ်သင့် လုပ်ထိုက်တာ၊ သူအသာရဖို့ အတွက်ကတော့ သူလုပ်နေမှာပဲ။ အဲတာကြောင့်မလို့ အခုဖြစ်နေတဲ့ အခြေအနေ အားလုံးကတော့ အဖွဲ့နှစ်ဖွဲ့က သူတို့လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်နေတယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။

မေး ။ ။ အရင်က နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေကိုကျတော့ စစ်ကော်မရှင်က တိုက်ယူခဲ့တယ်။ ပြီးတော့ TNLA ကလည်း ပြန်လည်ခုခံမှုတွေ ရှိခဲ့တယ်။ အခု ဆွေးနွေးပွဲမှာတော့ တိုက်ပွဲ မဖြစ်ပွားတော့သလို ပြန်လည်ခုခံမှုလည်း မရှိတော့ဘူးဆိုတော့ ဒါကကော ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ ။ ။ နောင်ချိုနဲ့ ကျောက်မဲ၊ သီပေါတို့ကိုတော့ ပြန်ခုခံ တိုက်ခိုက်တယ်ဆိုတော့ အဲ့ဒီအချိန်တုန်းကတော့ အပေးအယူ လုပ်ဖို့အတွက် သိပ်ပြီး မနီးစပ်သေးလို့ ခုခံတိုက်ခိုက်တယ်ဆိုတဲ့ သဘောမျိုး ပြောလို့ရတယ်။ ဒါပေမယ့် TNLA အနေနဲ့ကလည်း တစ်ဖက်က စကားပြောနေတယ်၊ တစ်ဖက်ကလည်း တိုက်နေတယ်ဆိုတဲ့ အတွက်ကြောင့်မလို့ ဘယ်လမ်းကို အလေးပေး သွားရမလဲဆိုတာကို သူက မစဉ်းစားတတ်ဘူး ဖြစ်တာပေါ့။ အဲ့တာကြောင့်မလို့ အဲဒီအချိန်က သူလုပ်သင့်၊ လုပ်ထိုက်တဲ့အလုပ်တွေကို အချိန်အပိုင်းအခြားနဲ့ လုပ်သွားတာပေါ့နော်။

အခု ဒီမိုးကုတ်နဲ့ မိုးမိတ်ကျတော့ သူက စေ့စပ်ဆွေးနွေးဖို့ အပစ်အခတ် ရပ်စဲဖို့ကို အလေးသာသွားတဲ့ အနေထားရှိတယ်။ အဲ့လို အလေးသာသွားတာလည်း တရုတ်ရဲ့ ဖိအား၊ တရုတ်ကနေတစ်ဆင့် UWSA ကနေ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းမီးကျောက်ဖြတ်တောက်မှု။ နောက်ပြီး TNLA ရဲ့ မပါးနပ်မှုကြောင့် သူရဲ့ မဟာမိတ်တွေပေါ်မှာ ကိုင်တွယ်တာ မမှန်ကန်မှု၊ ကြမ်းတမ်းမှု။ အဲ့တာကတော့ မြေပြန့်က ရဲဘော် ရဲဘက်တွေ ဖြစ်တဲ့ PDF တို့၊ MDY-PDF တို့၊ နောက်ပြီး သျှမ်းပြည်ထဲမှာရှိတဲ့ SSPP ၊ KIA နဲ့ MNDAA ကိုးကန့် အပါအဝင် သူတို့အပေါ်မှာ ဆက်ဆံရေးညံ့ဖျင်းမှုတွေ အားလုံး ပေါင်းလိုက်တော့ TNLA က သိမ်းထားတဲ့ နယ်မြေအကျယ်ကြီးကို ရှိတဲ့ အင်အားနဲ့လည်း မထိန်းနိုင်၊ သူအရင်တုန်းက အားကိုးတကြီးနဲ့ သိမ်းနိုင်ခဲ့တဲ့ နယ်မြေတွေကိုလည်း သူ့တပ်တစ်ခုထဲနဲ့ သူမထိန်းနိုင်ဘူး။

စစ်လက်နက် အင်အားကလည်း ဖြည့်ဆည်းဖို့အတွက်ကလည်း မရှိဆိုတော့ သူတစ်ဖွဲ့ထဲကို စစ်တပ်က မဲပြီးတော့ တိုက်တဲ့အချိန်ကျတော့ ရေရှည်မှာ သူမခံနိုင်တော့ဘူး။ မခံနိုင်တော့တဲ့ အချိန်ကျတော့ အပေးအယူ လုပ်တဲ့ဘက်ကို သူက ပိုပြီးအားသာသွားတယ်။ အားသာသွားတဲ့ အတွက်ကြောင့် ၉ ကြိမ်မြောက် ကူမင်းမှာ စစ်တပ်နဲ့ တွေ့တဲ့အခါမှာ တရုတ်ရဲ့ ဖိအားကြောင့်လည်း အပါအဝင်ကြောင့်မလို့ မိုးကုတ်နဲ့ မိုးမိတ်ကို ပြန်ပေးဖို့ သဘောတူလိုက်တယ်လို့ ကျနော်တို့က အဲ့လို ကောက်ချက်ချလို့ ရပါတယ်။

မေး ။ ။ TNLA က သီပေါကို ပြန်လက်လွှတ် ဆုံးရှုံးသွားရတာဟာ SSPP က လမ်းဖွင့်ပေးလိုက်လို့ ဆိုပြီးတော့ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေး လွေယေးဦးက မီဒီယာတွေမှာ ဖြေကြားတာ တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ SSPP ဘက်ကနေ ဖြေရှင်းထားတာတွေတော့ ရှိပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း အပြစ်တင် အပုတ်ချနေတာဟာ ဘယ်လိုအကျိုးဆက်တွေ ရှိလာနိုင်မလဲ။

ဖြေ ။ ။ ဒါကို ခေါင်းစဉ်တပ်ရမယ်ဆိုရင် Inter-Ethnic Conflict လို့ပြောရမှာပေါ့။ Inter-Ethnic Conflict ဆိုတာ တစ်ပြည်ထဲနေ တစ်ရေထဲသောက်ပြီး တိုင်းရင်းသားတွေ အချင်းချင်း ပဋိပက္ခဖြစ်မှု၊ တိုက်ခိုက်မှုပေါ။ တကယ်တမ်းတော့ TNLA နဲ့ SSPP တို့က အစဉ်တဆက် အတူတူပေါင်းပြီး နေလာခဲ့တာ။ သူတို့ အတူတူ

ပေါင်းပြီးတော့ RCSS ကို တိုက်ထုတ်ခဲ့တယ်ဆိုတာ ကျနော်တို့ လွန်ခဲ့တဲ့နှစ်တွေကလည်း တွေ့ခဲ့ပြီးပြီ။ တကယ်တမ်း RCSS နဲ့ SSPP ဆိုတာ သျှမ်းတပ်အချင်းချင်း အဲ့လောက်ထိ ဖြစ်ဖို့မရှိဘူး။ ဒါပေမယ့် SSPP က

မဟာမိတ်ကို အားပြုပြီးတော့ သျှမ်းအချင်းချင်းကို ပြန်တိုက်ဖို့အထိ သူရောက်လာတဲ့အတွက်ကြောင့် TNLA နဲ့ SSPP တို့က နဂိုကတည်းက သူတို့က မဟာမိတ်တွေ။ အခုဒီနောက်ပိုင်းမှာ SSPP နဲ့ TNLA တို့က မတည့်တော့တာဟာ TNLA ရဲ့ လုပ်ရပ်ပေါ်မှာ အများကြီး မူတည်တယ်။ ဘာလို့လဲဆိုရင် TNLA က နယ်ချဲ့ချင်တယ်၊ ရှင်းရှင်းပြောရင် နယ်ချဲ့တာပေါ့နော်။ သူမပိုင်တဲ့ နယ်မြေတွေကို သူက ဝင်သိမ်း၊ စစ်တပ်ကို မောင်းထုတ်ပြီးတာနဲ့ အဲ့နယ်မြေကို သူပိုင်တဲ့ နယ်မြေဆိုပြီး ဝင်ပြီးခြယ်လှယ်။ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို ဖျက်လိုဖျက်ဆီးလုပ် ပြည်သူလူထုတွေကို နိုင်စားတယ်ဆိုတော့ လူထုရဲ့ ထောက်ခံမှုကလည်း မရဘူး။

တစ်ချိန်ထဲမှာပဲ SSPP ကိုလည်း လူတွေက အပြစ်တင်တယ်။ အထူးသဖြင့် သျှမ်းတွေက အပြစ်တင်ကြတယ်။ သျှမ်းတွေက အပြစ်တင်တာက သူတို့ကို ပြုစုပျိုးထောင်၊ ငွေကြေးထောက်ပံ့၊ ဆက်ကြေးတွေပါ ပေးပြီး သူတို့ကို နေနိုင်ထိုင်နိုင်အောင် မိဘပြည်သူတွေက အားပေးထားရဲ့သားနဲ့ တကယ်တမ်း TNLA က နိုင်ထက်စီးနင်း လုပ်တဲ့အချိန်ကျတော့ သူတို့က ဘာမှ မကာကွယ်ပေးနိုင်တော့ဘူး။ မကာကွယ်နိုင်တဲ့ အတွက်ကြောင့်မလို့ သူတို့က SSPP ကို အပြစ်တင်တယ်။ TNLA ကိုလည်း နိုင်ထက်စီးနင်း ပြုလုပ်မှုတွေ အဖုံဖုံကြောင့် မုန်းတယ်။

အဲ့တာကြောင့် ခြုံပြီးပြောရမယ်ဆိုရင်တော့ SSPP နဲ့ TNLA တို့ တစ်ယောက်နဲ့တစ်ယောက် အစည်းမကပ်ပဲနဲ့ ရန်ဘက်ဖြစ်သွားတဲ့ အခြေအနေထိ ဖြစ်သွားရတာကတော့ အဓိက အပြစ်ရှိတာကတော့ TNLA ၊ ဒုတိယ အပြစ်ရှိတာကတော့ SSPP ။ SSPP က သူလုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို၊ သူကာကွယ်သင့်တဲ့လူထုကို သူမကာကွယ်ဘူး။ TNLA က သူ့ကိုသိပ်ပြီး အသာတကြည်မရှိတဲ့ သျှမ်းပြည်လူထုကို သွားပြီး နှိပ်စက် နိုင်စားတယ်။ အဲတာကြောင့်မလို့ လူမျိုးချင်း ပဋိပက္ခက မဖြစ်သင့်ပဲနဲ့ ဖြစ်ဖို့အထိ စိုင်းပြင်းနေတယ်လို့ ပြောရမှာပေါ့နော်။

အခုဆိုရင် ဘာပဲပြောပြော သျှမ်းနဲ့ ပလောင်တို့က သိပ်ပြီး ပြောလို့ ပြုလို့ မရတဲ့ အခြေအနေမျိုးကို ရောက်နေတဲ့အတွက်ကြောင့် ကျနော်တို့ဘာမှ ငြင်းစရာ မလိုဘူးလေ။ အဲ့တာကြောင့် ဒါက ကောင်းတဲ့ အလားအလာ မဟုတ်ဘူးလို့ ကောက်ချက်ချလို့ ရတာပေါ့နော်။

မေး ။ ။ ပြည်သူတွေက စစ်တပ်အာဏာသိမ်းတာကိုလည်း ခံနေရတယ်။ အခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတွေကြားမှာလည်း ပဋိပက္ခတွေ ရှိလာတာကြောင့် ပြည်သူတွေက ထပ်ပြီးအပူခံနေရတယ်။ ဒါကြောင့် ရှေ့ဆက်မှာ လူမျိုးရေးပဋိပက္ခတွေ ဆက်ပြီး မကြီးထွားလာနိုင်အောင် ဘယ်လို လုပ်ဆောင့်သင့်ပါသလဲ။

ဖြေ ။ ။ လူမျိုးရေးပဋိပက္ခတွေ မကြီးထွားအောင် လုပ်ဖို့ဆိုရင် အပေါ်က Top – Down ပေါ်လစီ ချတာလည်း လိုအပ်တယ်။ Bottom- Up ဆိုတဲ့ လူထုကနေပြီး အပေါ်ကို တက်သွားတဲ့ ပေါ်လစီမျိုးလည်း ဒီ ၂ မျိုးလုံး လိုအပ်တယ်။ ဘာလို့လဲဆိုတော့ လူမျိုးရေးပဋိပက္ခတွေ မဖြစ်အောင် လုပ်ဖို့အတွက်က ပေါ်လစီချတဲ့ လူကြီးတွေက အမြော်အမြင် ကြီးမားဖို့လိုတယ်။

အမြော်အမြင် ကြီးမားဖို့ လိုတယ်ဆိုတာကို အတိအကျ ပြောရမယ်ဆိုရင် သူတို့ရဲ့ အတွေးအခေါ်ထဲမှာ လက်ခံထားရမှာက သျှမ်းပြည်က Multi-Ethnics State ဖြစ်တယ်။ လူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ စုပြီးနေတဲ့ နယ်မြေဖြစ်တယ်။ ဒါကြောင့် ဒီနယ်မြေကို ဖဲ့ယူပြီးတော့ ပလောင်လုပ်ပစ်မယ်၊ ဒီနယ်မြေကို ဖဲ့ယူပြီး သျှမ်းတွေလုပ်ပစ်မယ် ဆိုတဲ့ အဲ့လိုအတွေးခေါ်မျိုးနဲ့ဆိုရင် ကျနော်တို့ အတူတကွ နေထိုင်လို့မရဘူး။

အတူတကွ နေထိုင်ချင်တယ်ဆိုရင်လည်း ကျနော်တို့က လူမျိုးပေါင်းစုံ စုစည်းပြီးနေတဲ့ ပြည်နယ်တစ်ခုအနေနဲ့ ကျနော်တို့ လက်ခံရမယ်။ လက်ခံပြီးတော့ ကျနော်တို့အားလုံး စုပေါင်းပြီးလက်ခံတဲ့ လူမျိုးသင်္ကေတ လက္ခဏာကို ဖော်ဆောင်ရမယ်။ အဲ့လိုမျိုး လက်ခံနိုင်တဲ့ အနေအထားတစ်ခုဖြစ်အောင် တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ပြီး လက်ခံနိုင်တဲ့အထိ ညှိနှိုင်းစကားပြောရမယ်။ အရင် ခွန်ပန်းစိန်တို့ လက်ထက်တုန်းက သျှမ်းပြည်မှာရှိတဲ့ လူမျိုးပေါင်းစုံကို အကုန်လုံး စုပေါင်းပြီး သျှမ်းပြည်အစိုးရ ဖွဲ့စည်းတဲ့ပုံစံမျိုးကို ကျနော်တို့က လက်ခံဖို့လိုတာပေါ့။

တစ်ယောက်ယောက်နဲ့ခွဲပြီး နယ်မြေလေးအတိအကျခွဲပြီး ဒီနေရာတော့ ငါပိုင်တယ်၊ ဒီနေရာတော့ မင်းပိုင်တယ်လုပ်ပြီး သွားလို့လာလို့မရ လုပ်မယ်ဆိုရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့ကတော့ မဖြစ်နိုင်ဘူးလေ။ နောက်ပြီး အပေါ်ကနေပြီး ကျလာတဲ့ ကောင်းတဲ့ပေါ်လစီကို အောက်ခြေမှာရှိတဲ့ ပြည်သူလူထုတွေအတွက် လူမှုအဖွဲ့အစည်းတို့ NGO တို့ကလည်း ပညာပေးတဲ့အပိုင်းကို လုပ်ရမယ်။ လုပ်ပြီးတော့ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ ချစ်ကြည်မှု၊ Peaceful Coexistence လို့ခေါ်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု၊ အဲ့တာတွေကို အားပေးအားမြောက် ပြုပြီးတော့ အဲ့ဒီ အခြေအနေမျိုးကို ဖန်တီးပေးရမှာ။

အဲဒီလို ဖန်တီးပေးနိုင်မှသာ Inter-Ethnic Conflict လိုခေါ်တဲ့ လူမျိုးချင်း ပဋိပက္ခကို ကျနော်တို့ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ခုနပြောတဲ့ Top- Down နဲ့ Bottom- Up တို့ကို မှန်ကန်တဲ့ အမြင်ကျယ်မှုနဲ့ ကျနော်တို့က ချဉ်းကပ်ဖို့လိုတယ်။ အဲဒီ အမြင်ကျယ်မှု မရှိဘူးဆိုရင် ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒ ဒါမှမဟုတ် မဟာလူမျိုးကြီးဝါဒကိုပဲ သုံးနေမယ် ဆိုရင်တော့ ကျတော်တို့ တစ်ယောက်နဲ့တစ်ယောက် အစေးကပ်ဖို့ဆိုတာ လမ်းကိုမရှိတော့ဘူး။ အဲဒီလိုမျိုး အခြေခံကျတဲ့ Multi-Ethnics State အသိုင်းအဝိုင်းတစ်ခု လုံးဝ လက်ခံဖို့လိုတယ်။ အဲဒါကို လက်မခံဘူးဆိုရင် ကျနော်တို့ တစ်ယောက်နဲ့တစ်ယောက် အတူနေဖို့ကတော့ ခဲယဉ်းတာပေါ့။

မေး ။ ။ TNLA နဲ့ စစ်တပ်တို့က အပစ်ရပ်စဲနိုင်ကြောင်း ကြေညာနိုင်ခဲ့တဲ့နောက်ပိုင်းမှာတော့ TNLA အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က နားချိန်တန်လို့ နားတာ၊ ဖိအားပေးတာ များလို့ နားတာ၊ အင်အားပြန်စုဖို့အတွက် နားတယ်လို့တော့ လူမှုကွန်ယက်ပေါ်မှာ ရေးသားတာတွေ ရှိတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲပြန်ဖော်ဆောင်နိုင်ဖို့ ရှိလား၊ အခု အပစ်ရပ်စဲရေးက ယာယီ အပစ်ရပ်စဲရေးပဲ ဖြစ်မလား။

ဖြေ ။ ။ ဗိုလ်ချုပ် တားဘုန်းကျော်ကတော့ စကားကို ဝှေ့လည်ကြောင်ပတ် ပြောတယ်လို့ ကျနော်အနေနဲ့တော့ မြင်မိတယ်။ တကယ်တမ်း အနှစ်သာရ ရှိလားဆိုရင်တော့ အနှစ်သာရ မရှိဘူး။ နောက်ပြီးတော့ သူပြောတဲ့စကားကို နှစ်ခွ စဉ်းစားလို့ရတယ်။ အခုလောလောဆယ် အပစ်ရပ်ရတာက ကျနော်တို့ အားနည်းနေလို့၊ ဒါမှမဟုတ် အားပြန်စုပြီးတော့ ပြန်တိုက်မယ်လို့လည်း ပြောလို့ရတယ်။ နောက်တစ်ခုကလည်း သူတို့အဖွဲ့ထဲမှာ ဂိုဏ်းဂန ကွဲပြီးတော့ စစ်ရပ်ချင်တဲ့သူနဲ့ ဆက်တိုက်ချင်တဲ့သူများ ရှိနေမလားဆိုတဲ့ ဒွိဟ စဉ်းစားတွေးတောလို့ ရတာပေါ့။

တကယ်တမ်းကတော့ ခုနပြောသလိုပဲ TNLA ဒီအခြေအနေထိ ဆိုက်ရောက်လာတာဟာ ပေါ်လစီအမှား ချခဲ့ကိစ္စပဲလေ။ အဲတာက ဘာကြောင့် ဖြစ်တာလဲဆိုရင် လောဘကြီးတာ၊ နယ်မြေချဲ့ထွင်ချင်တာ၊ တစ်ခြားလူမျိုးတွေအပေါ်မှာ နိုင်ထက်စီးနင်ပြုမှု ဒါတွေအားလုံးကို သူက ကျင့်နေတယ်။ ကုန်ကုန်ပြောရမယ်ဆိုရင် သူ့ကိုကူညီပြီး တိုက်ခိုက်တဲ့ မြေပြန့်က PDF ၊ LDF တို့ကို ကန်ထုတ်လိုက်တယ်။ နောက်ပြီး SSPP ၊ KIA ၊ MNDAA အပါအဝင် အားလုံးကို အာဏာပြပြီး အာဏာမာန်တက်တာတွေကို ကျင့်သုံးနေတယ်။ အဲ့ဒီပေါ်လစီ အမှားအယွင်းတွေကြောင့် ဖြစ်ရတဲ့ကိစ္စကို။

ဗိုလ်ချုပ် တားဘုန်းကျော်က ခုနပြောတဲ့ နားတယ်ပြောပေမဲ့ သူနဲ့ အတူတူ မဟာမိတ် လုပ်ခဲ့တဲ့လူတွေကို ပြန်ပြီးတော့ မစည်းရုံးနိုင်ဘူး။ သူမှားခဲ့တာကို ဝန်ချမတောင်းပန်နိုင်ဘူး ဆိုရင် သူပြောတာတွေလည်း မဖြစ်နိုင်ဘူး။ ပလောင်တစ်ဖွဲ့ထဲနဲ့လည်း စစ်တပ်ကို မတိုက်နိုင်ဘူး။ အခု အဲ့လို လုပ်လိုက်တဲ့အတွက်ကြောင့် သူ့ကို ကူမယ့်လူလည်း တစ်ယောက်မှ မရှိတော့ဘူး၊ မရှိတဲ့အခါကျတော့ စစ်တပ်က သူ့ကို ဖိတိုက်တာပေါ့။ အဲ့တာလည်း စစ်တပ်ရဲ့ အကွက်ထဲ ဝင်သွားတာပေါ့။ အဲ့တာကို အားလုံး ပြောရမယ်ဆိုရင် သူရဲ့ပေါ်လစီချတဲ့ နေရာမှာ မပါးနပ်မှု၊ အမြင်မကျယ်မှု အဲ့လိုပဲ ပြောရမှာပေါ့။

မေး ။ ။ လွန်ခဲ့တဲ့ ဩဂုတ်လတုန်းက စစ်တပ်နဲ့ TNLA တို့ ၈ ကြိမ်မြောက် တွေ့ဆုံချိန်မှာဆိုရင် စစ်တပ်က TNLA ကို မန်တုံနဲ့ နမ့်ဆန်ကလွဲပြီး အကုန်ပြန်ပေးရမယ်လို့ တောင်းတယ်။ အခုက မိုးကုတ်နဲ့ မိုးမိတ်ကို ပြန်ပေးလိုက်ပြီးတော့ စစ်တပ်ကလည်း အပစ်ရပ်စဲဖို့ သဘောတူလိုက်တယ် ဆိုတော့ ဒါက ယာယီ အပစ်အခတ်ရပ်စဲရေးပဲ ဖြစ်မလား။ ဒါမှမဟုတ် စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်နေမလား။

ဖြေ ။ ။ နမ့်ဆန်၊ မန်တုံကလွဲပြီး အကုန်လုံး ပြန်ပေးရမယ်လို့ စစ်တပ်က ပြောတာကိုး။ ကြားထဲမှာလည်း ဗုံးကြဲတာတွေလည်း လုပ်တယ်၊ အဲ့ဒီနောက်ပိုင်း အပစ်ရပ်စဲတယ်။ မိုးကုတ်နဲ့ မိုးမိတ်ကို TNLA ကလည်း တပ်ဆုတ်ပေးမယ်လို့ သဘောတူတယ်။ ဒါတွေကလည်း ပြောရရင် ယာယီအပစ်ရပ်ပြီး ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လုပ်တယ်လို့လည်း မြင်ရတယ်ပေါ့။

တကယ်လို့ TNLA အနေနဲ့ ရွေးကောက်ပွဲကို ကဖျက်ကယက် မလုပ်ဘူးဆိုရင် စစ်တပ်နဲ့ပိုပြီး အပေးအယူ သူလိုချင်တဲ့ နယ်မြေတွေ ရများရမလားဆိုတာ အဲ့လိုစဉ်းစားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ဆိုတော့ အဲ့လို အပေးအယူလုပ်တဲ့ ကိစ္စကတော့ နှစ်ခုလုံးနဲ့ ပတ်သက်နိုင်တယ်လို့ ပြောလို့ရတယ်။ တစ်ဖက်ကတော့ TNLA က ပိုပြီးမထိနာအောင်၊ ရထားတဲ့နယ်မြေလေး ပိုပြီးမကျဉ်းသွားအောင် အဲ့တာတစ်ဖက်က စဉ်းစားတာဖြစ်မယ်။ စစ်တပ်အနေနဲ့လည်း ယာယီ ရွေးကောက်ပွဲလုပ်လို့ရရင် အမြတ်ပဲဆိုပြီးတော့ အဲ့လို မက်လုံးပေးပြီး လုပ်တာလည်း ဖြစ်နိုင်ပါတယ်။

မေး ။ ။ မိုးကုတ်နဲ့ မိုးမိတ်ကို ပေးလိုက်တဲ့ ကိစ္စကို ပြန်ကြည့်မယ်ဆိုရင် မြို့သိမ်းတိုက်ပွဲ စတင်ဖော်ဆောင်တုန်းက TNLA တစ်ဖွဲ့ထဲ မဟုတ်ဘူးဆိုတာ အားလုံးသိကြတယ်။ ဒေသတွင်း လှုပ်ရှားနေတဲ့ PDF တွေ ပါဝင်နေတယ်။ အခု TNLA က နောက်ဆုတ်မယ်လို့ ပြောတဲ့အချိန်မှာ ဝေဖန်မှုတွေ အမျိုးမျိုး ကြားရတယ်။ PDF တွေကလည်း အတတ်နိုင်ဆုံး ကာကွယ်သွားမယ်လို့ ထုတ်ပြန်ကြတယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်မိပါသလဲ။

ဖြေ ။ ။ ဝေဖန်မှု ရှိတာကတော့ သဘာဝကျပါတယ်။ ဘာလို့လဲဆိုရင်တော့ TNLA နဲ့ အပေါင်းအပါ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီးတော့ မြိုတွေအများအပြား သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတော့ ပြည်သူတွေက တော်လှန်ရေးအင်အားစုတွေကို အားပေးအားမြှောက်ပြုတာပေါ့။ နဂိုကတည်းက စစ်တပ်ကို ကြိုက်တာမှ မဟုတ်တာ။ အခုက ရထားတဲ့ နယ်မြေတွေကို သေနတ်တစ်ချက်မှ မဖောက်ဘဲနဲ့ ပြန်ပေးတယ်ဆိုတော့ လူထုက တစ်ဖက်က မကျေနပ်ဘူး။ နောက်တစ်ဖက်ကလည်း TNLA ကို သိပ်ကြိုက်တာ မဟုတ်တဲ့ အတွက်ကြောင့်မလို့ သိပ်ပြီး ဝမ်းနည်းတာမျိုးလည်း မဖြစ်ကြဘူး။ ဒီကြားထဲမှာ သူတို့နဲ့ တူတူတိုက်ပြီး အောင်ပွဲခံခဲ့တဲ့ PDF တို့၊ မန္တလေး-PDF တို့၊ မိုးကုတ်က PDF တို့ကတော့ အဲ့ဒီနယ်မြေတွေကို တတ်နိုင်သမျှ ခုခံကာကွယ်သွားမယ်လို့ ပြောတာကလည်း သဘာဝကျပါတယ်။

ဘာလို့လဲဆိုရင် TNLA က ဆုတ်လိုက်လို့ သူတို့လည်း မကာကွယ်ဘဲ ဆုတ်မယ်ဆိုရင်လည်း မဟုတ်သေးဘူး။ သူတို့လည်း တိုက်ပွဲအတွေ့အကြုံ ၄ နှစ်ရှိလာပြီလေ။ နောက်ပြီး ဗမာလူမျိုး ဆိုတာကလည်း ပြည်ထောင်စုထဲမှာ အများဆုံးလူမျိုးပဲလေ။ စစ်တမ်းအရဆိုရင် ၆၀ ရာခိုင်နှုန်းလောက် ရှိတာကို။ ဆိုတော့ အဲ့ဒီဗမာလူမျိုးကလည်း စစ်တပ်ကို မလိုလားဘူးဆိုတာ ရှင်းနေတာပဲလေ။ ဒီမိုးကုတ်တို့ ၊ မိုးမိတ်တို့ကို ခုခံကာကွယ်မယ်ဆိုတာလည်း စစ်တပ်ကို တန်ပြန်တိုက်ခိုက်ပြီး ခုခံကာကွယ်တာပဲလေ၊ မြို့မကျဖို့ကို သူတို့လည်း တတ်အားတရွေ့ လုပ်မှာပဲ။

အခု TNLA တို့ MNDAA တို့ တပ်ဆုတ်ခွာသွားတယ်ဆိုတော့ သူတို့ရှိထားတဲ့ တပ်အင်အားတွေ မဆုတ်ယုတ်တော့ဘူး။ ဗမာစစ်တပ်က သူတို့ကို ဆက်ပြီး မတိုက်တော့ဘူး၊ သူတို့လူမျိုးတွေ ထပ်ပြီး မသေတော့ဘူး ဆိုပြီး ကိုယ့်ရဲ့ Self-survivor ကိုယ့်ကိုယ်ကို ကယ်ဖို့ လုပ်တဲ့ လုပ်ရပ်လို့ ကျနော်တို့ မြင်လို့ရတယ်။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ အညာမှာရှိတဲ့ PDF တို့အတွက်ကတော့ သူတို့ရဲ့ သမိုင်းပေးတာဝန်ပဲလေ။ စစ်တပ်ရဲ့ရန်ကနေ ကာကွယ်ဖို့၊ သူတို့နယ်မြေကို ကာကွယ်ထိန်းသိမ်းဖို့ သူတို့လည်း တတ်စွမ်းသလောက် လုပ်သွားရမှာပဲ။

တစ်ခုပဲ သတိထားရမှာက TNLA နဲ့ စစ်တပ် အပေးအယူ လုပ်ထားတဲ့အထဲမှာ အတိအကျ ဘာတွေပါတယ်ဆိုတာ ဘာမှမပြောထားဘူး။ မပြောထားတဲ့အချိန်ကျတော့ TNLA က မိုးကုတ်နဲ့ မိုးမိတ်ကို ဆုတ်တဲ့အချိန်မှာ စစ်တပ်ကို ဖိတ်ခေါ်ပြီးတော့မှ ဆုတ်မလား။ သူ့ဘာသာ တပ်ဆုတ်သွားပြီးတော့ သူရဲ့မဟာမိတ်ဟောင်းတွေကို “မင်းတို့ပဲ ကြည့်လုပ်ကြ”ဆိုပြီး ပြောမလား။ အဲ့ဒါကို ကျနော်တို့ ဂဃနဏ မသိရသေးဘူး၊ မသိရတော့ စောင့်ကြည့်ဖို့ပဲ ရှိတာပေါ့။

မေး ။ ။ မိုးကုတ်နဲ့ မိုးမိတ်တွေမှာ TNLA က တပ်ဆုတ်သွားပြီး PDF တွေပဲ ကျန်ရှိတော့မယ်ဆိုရင် စစ်ရေးအခြေအနေကကော ဘယ်လိုမျိုး ဆက်ရှိလာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ အခုတိုက်ပွဲကတော့ သျှမ်းမြောက်ဘက်မှာ ရပ်သွားပြီဆိုတော့ စစ်တပ်ကတော့ တခြားနေရာမှာ ပိုပြီးတော့ ဖိအားပေးတိုက်မှာပေါ့။ အခုဖိအားကတော့ မိုးခေါင်ရေရှား ရပ်ဝန်းလို့ ခေါ်တဲ့ အညာဒေသကို စစ်တပ်ကတော့ သူရှိတဲ့ အင်အားနဲ့ဖိဖို့ ကြိုးစားသွားမှာပဲ။ နောက်တစ်ချိန်ထဲမှာ ရခိုင်မှာလည်း သူထိုးစစ်ဆင်ဖို့ ကြိုးစားတယ်၊ ဒါပေမယ့် မအောင်မြင်ဘူး။ ဆိုတော့ အခုစစ်တပ်ရဲ့ လာမယ့် နေ့ရက်တွေမှာဆိုရင် အညာဒေသကို ထိုးစစ်ဆင်ဖို့ ကြိုးစားမယ်။ အညာဒေသမှာရှိတဲ့ PDF တို့၊ KIA တို့၊ နောက်ပြီး AA တို့ သူတို့လည်း ရတဲ့နည်းနဲ့ ခုခံနေမယ်လို့ ကျနော်တို့လည်း သတင်းရတယ်လေ။ သတင်းကတော့ ဖြစ်နိုင်ခြေရှိတဲ့ အနေအထားပေါ့။ အဲဒီလိုသာ ဖြစ်ရင်တော့ စစ်မီးကတော့ အညာဒေသကို ပိုပြီးတော့ တောက်လောင်လာမယ်လို့ ခန့်မှန်းလို့ရတယ်။ စစ်မီးကတော့ ငြိမ်းဖို့ဆိုတာထက် တောက်လောင်ဖို့ ပိုပြီးတော့ အခြေအနေ ရှိနေတယ်လို့ ပြောလို့ရတာပေါ့။

မေး ။ ။ ရွေးကောက်ပွဲပြီးရင်တော့ အညာဒေသမှာ စစ်မီး ပိုတောက်လာနိုင်တဲ့ အခြေအနေ ရှိတယ်ဆိုတော့ သျှမ်းပြည်အတွင်းကကော ရွေးကောက်ပွဲပြီးရင် ဘယ်လိုမျိုး ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မယ်လို့ သုံးသပ်မိပါသလဲ။

ဖြေ ။ ။ စစ်ကောင်စီလုပ်တဲ့ ရွေးကောက်ပွဲကတော့ အတုအယောင်ဆိုတာ တစ်ကမ္ဘာလုံးကလည်း သိပြီးသား။ UN ကိုယ်စားလှယ်တစ်ယောက်ကလည်း ဗုံးကြဲပြီးလုပ်တဲ့ ရွေးကောက်ပွဲက ဘယ်နည်းနဲ့မှ တရားမျှတပြီး လူထုလက်ခံတဲ့ ရွေးကောက်ပွဲဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ပြောတယ်လေ။ ရွေးကောက်ပွဲရဲ့ အတိမ်အနက်ကို အဲ့လိုပြောတာတော့ မှန်ကန်တယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲပြီးရင်တော့ သျှမ်းပြည်မှာ ဘယ်လို ရိုက်ခတ်လာမလဲလို့ စဉ်းစားတဲ့အခါမှာ တောင်နဲ့ မြောက်ဆိုပြီးတော့ ခွဲပြီးစဉ်းစားရမှာပေါ့။

အခုတောင်ပိုင်းမှာတော့ စစ်မီးကတော့ တောက်နေတုန်းပဲ။ မြောက်ပိုင်းမှာတော့ MNDAA ၊ TNLA တို့က စစ်ရပ်လိုက်ပြီဆိုတော့ နောက်ပြီးတော့ မိုင်းလားရယ်၊ UWSA ရယ်၊ SSPP တို့က နဂိုကတည်းက စစ်တပ်ကို တိုက်နေတဲ့အဖွဲ့ မဟုတ်တော့ မြောက်ပိုင်းကတော့ စစ်မီးကတော့ ငြိမ်းနေတယ်လို့ ပြောလို့ရတာပေါ့။ မြောက်ပိုင်းကတော့ တရုတ်လိုချင်တဲ့ ပုံစံအတိုင်း ကုန်စည်ကူးသန်း သွားလာရေးအတွက်ပဲ ပိုပြီး တာဆူနေမှာပေါ့။ တရုတ်ရဲ့ ဖိအားပေးမှုနဲ့ မြောက်ပိုင်းမှာတော့ စစ်ရေးကတော့ နောက်ဆုတ်သွားနိုင်တယ်၊ ငြိမ်ရင် ငြိမ်သွားနိုင်တယ်။

ဒါပေမယ့် သျှမ်းပြည်တောင်ပိုင်းမှာတော့ PDF တို့ရှိတဲ့ ရွာငံတို့၊ KNDF တို့ရှိတဲ့ နေရာမှာတော့ ပအိုဝ်းပြည်သူ့စစ်လို့ ခေါ်တဲ့ PNO နဲ့ စစ်တပ်တို့က ပူးပေါင်းပြီး တိုက်နေတဲ့ တိုက်ပွဲကတော့ ဖြစ်နေမှာပဲ။ တောင်ပိုင်းမှာတော့ စစ်မီးက ပြန်တောက်နေမှာ။ နောက်ပြီးတော့ စစ်တပ်ကလည်း သျှမ်းပြည်တောင်ပိုင်းကနေ ကရင်နီပြည်ထဲကို ထိုးဖောက်နိုင်ဖို့ လုပ်နေတယ်၊ ကြိုးစားနေတယ်။ အဲဒီအပိုင်းမှာတော့ ကရင်နီနဲ့ သျှမ်းနဲ့ စပ်နေတဲ့အပိုင်းမှာတော့ စစ်မီးအဟုန်က ပိုပြီးပြင်းထန်လာနိုင်မယ်လို့ ပြောလို့ရတာပေါ့။

ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ သျှမ်းပြည်မြောက်ပိုင်းမှာတော့ အနည်းငယ် ငြိမ်းချမ်းသွားမယ်။ သျှမ်းပြည်တောင်ပိုင်းမှာတော့ တိုက်ပွဲဆက်ဖြစ်နေမယ်။ ငြိမ်တယ်ဆိုပေမယ့်လည်း လုံးဝငြိမ်တာမျိုး မဟုတ်ဘဲ မီးခဲပြာဖုံး သဘောမျိုး ဖြစ်နိုင်တာပေါ့။ အဲ့ဒီမှာ အချိန်မရွေး ပြန်ပြီးထတောက်နိုင်တဲ့ TNLA တော့ အလားအလာ ရှိတာပေါ့။ တကယ်လို့ မဟာမိတ်တွေက သူနဲ့ ပြန်ပေါင်းတယ်ဆိုရင် သူလည်း ထလုပ်ချင်လည်း လုပ်မှာပေါ့။ ဒါပေမယ့် လောလောဆယ် ကြည့်ရတာတော့ အဲ့ဒီအခြေအနေ ပြန်ဖြစ်ဖို့တော့ ခက်တာပေါ့။ KIA ကတော့ ပိုနေမြဲ ကျားနေမြဲဆိုတော့ နဂိုကရှိထားတဲ့ နယ်မြေအတိုင်း ထိန်းထားဖို့ ကြိုးစားမှာပဲလေ။

မေး ။ ။ နောက်ဆုံးအနေနဲ့ ကျနော်မမေးမိတဲ့ အရာထဲမှာ ဘာများပြောချင်ပါသလဲ။

ဖြေ ။ ။ ခုနပြောသလိုပါပဲ၊ ရွေးကောက်ပွဲကတော့ ကျနော်တို့ရဲ့ စားဝတ်နေရေး၊ လူမှုတိုးတက်ရေး စတာတွေကို ပေးနိုင်တာ မဟုတ်ဘူး။ ဆိုတော့ ဒီရွေးကောက်ပွဲမှာ ဘာမှအားကိုးလို့ မရဘူး။ ကျနော်တို့ အားကိုးနိုင်တာကတော့ တိုင်းရင်းသားအချင်းချင်း ညီညီညွတ်ညွတ် ကိုယ်ရှိတဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ ထိန်းသိမ်းဖို့ တိုက်ယူဖို့ အဲတာကို ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားရမှာပေါ့။

အဲဒီအမြင်ကျယ်မှု Big Picture ကတော့ ကျနော်တို့ အားလုံးစုစည်းပြီး ခြုံကြည့်လိုက်ရင်တော့ သျှမ်းပြည် အတိုင်းအတာနဲ့ပဲဖြစ်ဖြစ်၊ ဗမာပြည် အတိုင်းအတာနဲ့ပဲဖြစ်ဖြစ် သူကလိုအပ်တဲ့ အခြေအနေမျိုး ဖြစ်နေတာကို။ အခုက တစ်ယောက်တစ်ပေါက် တိုက်နေရင်တော့ အခုဖြစ်နေတဲ့ ပုံစံအတိုင်း ဖြစ်နေမှာပဲ။ အခု AA က အများကြီး နိုင်သွားတယ်ဆိုပေမဲ့ တစ်ခြားနေရာမှာ စစ်မီး ငြိမ်းသွားပြီဆိုရင် သူတို့ AA ကို ပြန်ဝင်တိုက်ရင် တိုက်မှာပေါ့။ ဒါကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြင်တယ်။ အရင်ကတော့ သူ့ရခိုင်ပြည် လွတ်မြောက်ရေးလို့ပဲ ပြောတယ်။ အခုကတော့ အကုန်လုံး လွတ်မြောက်ရေးလို့ပြောတယ်။

အကုန်လုံး လွတ်မြောက်မှ ကျနော်တို့ လွတ်မြောက်ဖို့ဆိုရင် ဘာလုပ်ဖို့လိုလဲ တပ်ပေါင်းစု ဖွဲ့ဖို့လိုတယ်။ စစ်ရေးအရလည်း ဖွဲ့ရမယ်၊ နိုင်ငံရေးအရလည်း ဖွဲ့ရမယ်။ အဲလိုဖွဲ့ပြီး တစ်ညီတစ်ညွတ်ထဲ တိုက်ရင်တော့ စစ်အစိုးရ မကျရှုံးဘူးဆိုတာ မရှိဘူး။ သူက လေယာဉ်လေး နည်းနည်းပိုရလို့ ဗုံးနည်းနည်းပိုကြဲနိုင်လို့ လူတွေပိုသေတာပဲ ရှိတယ်။ အကုန်လုံးကို သူလာသတ်နိုင်တာလည်း မဟုတ်ဘူး။

ဆိုတော့ အဓိကဇာတ်ကောင်တွေက အမြင်ကျယ်ကျယ်နဲ့ အတူတူစုပေါင်းပြီး ဘာအလုပ် လုပ်နိုင်မလဲ ဆိုတာကို အဲဒါကို အဓိကထားပြီးတော့ ကျနော်တို့ စဉ်းစားပြီးလုပ်ရမှာ။ အဲဒါကို မစဉ်းစားနိုင်သ၍ ကျနော်တို့တိုက်ပွဲက ရေရှည်ကြာသွားမယ်။ ကြာရင် လူထုလည်း နစ်နာတယ်၊ ကျနော်တို့လည်း တော်လှန်ရေးအင်အားစုဘက်က ပင်ပန်းတယ်။ ဒါကို မက်ဆေ့ပေးချင်တာကတော့ တော်လှန်ရေးအင်အားစုတွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပူးပေါင်းပြီး လုပ်နိုင်မလဲ၊ အနည်းဆုံး ခွဲပြီး ဘာတွေလုပ်နိုင်မလဲ ဆိုတာကို ကျေးဇူးပြုပြီး စဉ်းစားပေးကြပါလို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ပါ၊ အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ဆရာစိုင်းဝမ်းစိုင်းကို ကျေးဇူးတင်ပါတယ်။

ဖြေ ။ ။ ကျနော်လည်း ပြောချင်တာတွေ ပြောခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...
Photo credit - CJ
November 28, 2025
သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ...