အဆိုပါ ကျောက်စာမှာ ရခိုင်ယဉ်ကျေးမှုအမွေအနှစ်များထဲတွင် ရှေးအကျဆုံးနှင့် စာပေယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များ၊ မှတ်တမ်းများအား ရေးထိုးပါရှိပြီး ခေတ်ဦး ဝေသာလီခေတ်တွင် ရေးထိုးထားခဲ့သည့် ကျောက်စာတစ်ခုဖြစ်ကြောင်း ရခိုင်ရှေးသမိုင်းမှတ်တမ်းများတွင် ဖော်ပြချက်အရ သိရသည်။
“ အာနန္ဒစန္ဒြကျောက်စာဟာ ရခိုင်ယဉ်ကျေးမှုရဲ့ အဓိက အသည်းနှလုံးတစ်ခုပါ။ ရခိုင်ယဉ်ကျေးမှုရဲ့ အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်သလို မြန်မာနိုင်ငံအတွင်းမှာလည်း အစောဆုံးအမွေအနှစ်ထဲ ပါပါတယ်။ ဒီကျောက်စာကို ယူနက်စ်ကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုဖြစ်လာဖို့အတွက် ရုံးချုပ်ကနေ ကျွန်တော်တို့ဌာနကို မနေ့က အတည်ပြုချက် တောင်းထားလာတဲ့အတွက် တင်ပြထားပါပြီ။ အဲဒီကျောက်စာနဲ့ ပတ်သက်ပြီးတော့ မကြာခင် ကျင်းပမဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အစည်းအဝေးမှာ အစီရင်ခံသွားဖို့ရှိပါတယ်” ဟု မြောက်ဦးရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူး ဦးညိမ်းလွင်က ပြောသည်။
ယင်းအပြင် မြောက်ဦးဒေသကိုလည်း ယူနက်စ်ကိုမှ တာဝန်ရှိသူများ လာရောက်ဆန်းစစ်လျက်ရှိနေရာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုနိုင်ရန်အတွက်လည်း နိုင်ငံအစိုးရအနေဖြင့် အချိန်မီဆောင်ရွက်မှုများ စတင်ပြုလုပ်ရန် စီစဉ်နေကြောင်း ရှေးဟောင်းသုတေသနဌာနမှ သိရသည်။
မြောက်ဦးဇုန်အတွင်း တည်ရှိနေသည့် ယဉ်ကျေးမှုအမွေအနှစ်များမှာ ကမ္ဘာပေါ်တွင် ထူးခြားသည့်အမွေအနှစ်များထဲတွင် ပါဝင်ပြီး နိုင်ငံအတိုင်းအတာဖြင့် ရှေးမူလက်ရာများ အများအပြား ကျန်ရှိသေးသည်များကို လေ့လာတွေ့ရှိရပြီး သက်ဆိုင်ရာ အစိုးရ၊ ဌာနနှင့် ဒေသခံများ၏ သဘောထားများအရ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ယူနက်စ်ကိုမြန်မာမှ အမျိုးသားယဉ်ကျေးမှုစီမံကိန်း ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောခဲ့သည်။







