KNU တပ်မဟာ ၅ နယ်မြေအတွင်း တပ်မတော် တပ်ရင်းမှူးတစ်ဦး မိုင်းထိမှန် သေဆုံး

KNU တပ်မဟာ ၅ နယ်မြေအတွင်း တပ်မတော် တပ်ရင်းမှူးတစ်ဦး မိုင်းထိမှန် သေဆုံး

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ တားမြစ်ထားသည့် နယ်မြေအတွင်း ဝင်ရောက်လာမှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က မြန်မာ့တပ်မတော်ဘက်မှ အရာရှိတစ်ဦး မိုင်းထိသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း KNU ဘက်က ပြောသည်။

အဆိုပါဖြစ်စဉ်မှာ KNU နယ်မြေများဖြစ်သည့် တပ်မဟာ ၂ နှင့် တပ်မဟာ ၅ နယ်မြေအစတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး KNU ဘက်မှ လုံခြုံရေးအရ ထောင်ထားသည့် မိုင်းကို ရှင်းလင်းရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တပ်မဟာ ၅ မှ ပြောခွင့်ရသူ ဗိုလ်မှူး စောကလယ်ဒိုက ယခုလို ပြောသည်။

၎င်းက “ တပ်မဟာ ၅ ဘက်က ပြောထားပြီးသား၊ တားမြစ်ထားပြီးသားဖြစ်တဲ့အတွက် လမ်းပိတ်ထားပြီး အဲဒီလို ဗုံးချထားတာ ဖြစ်တယ်။ ဗုံးချထားကို သူတို့ဘက်က ဂရုမစိုက်ဘဲ တက်လာတယ်။ သူတို့က ဗုံးတွေ့ရင် ဗုံး ပေးဖောက်ခွဲလိုက်တယ်။ ဗုံးဖောက်ခွဲတော့ ပေါက်ကွဲပြီး သူတို့လူကို ပြန်ထိတာ ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

KNU တပ်မဟာ ၅ ဘက်မှ ပြောဆိုချက်များအရ တပ်မတော်အနေဖြင့် KNU တပ်မဟာ ၂ နှင့် တပ်မဟာ ၅ အစအထိသာ ကားဖြင့် သွားလာခွင့်ပြုကြောင်းနှင့် ရိက္ခာပို့သည့်အခါတွင်လည်း အဆိုပါ သတ်မှတ်ထားသည့် နေရာအထိသာ ခွင့်ပြုကြောင်း နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲများတွင် ပြောဆိုထားသည်ဟု တပ်မဟာ ၅ တာဝန်ရှိသူများက ပြောသည်။

ဒီဗွီဘီ သတင်းဌာန၏ ဇန္နဝါရီ ၂၉ ရက်နေ့ သတင်းများအရ တပ်မတော်ဘက်မှ သေဆုံးသွားသူမှာ ခမရ ၇၀၉ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ကျော်စိုးဖြစ်သည်ဟု သိရပြီး KNU တပ်မဟာ ၅ ဘက်မှ တာဝန်ရှိသူများ၏ ပြောဆိုချက်များအရ ယင်းဖြစ်စဉ်တွင် တပ်မတော်ဘက်မှ နှစ်ဦး ကျဆုံး၊ တစ်ဦး ဒဏ်ရာရရှိကြောင်း ပြောဆိုသည်။

ထို့အတူ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်မှ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးကျော်စိုးမိုး၏ ဒီဗွီဘီ သတင်းဌာနထံ ဖြေကြားချက်များအပေါ် မဟုတ်မှန်ကြောင်း KNU တပ်မဟာ ၅ဘက်မှ ငြင်းဆိုသလို ထိုသို့ ဆက်လက်လုပ်ဆောင်မည်ဆိုပါက ပဋိပက္ခများ ပိုမို ဖြစ်ပေါ်လာစေမည် ဖြစ်ကြောင်းလည်း KNU တပ်မဟာ ၅က ပြောသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန်အတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးကျော်စိုးမိုးထံ ကေအိုင်စီက ဇန်နဝါရီလ ၂၉ ရက် နေ့လည် ၁၂ နာရီမှ ည ၇ နာရီခွဲအထိ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့က မြန်မာ့တပ်မတော်ဘက်မှ KNU တပ်မဟာ ၅ နယ်မြေအတွင်း ဒရုန်းများဖြင့် စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်နေသည်ဟု ဆိုကာ JMC – S ထံ စာရေးသားကန့်ကွက်မှုများ ပြုလုပ်သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...