တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပါရဂူဘွဲ့ သင်တန်းတက်ရောက်နေသူ ချင်းတိုင်းရင်းသား တစ်ဦးထံ လက်ရှိမြေပြင်အနေအထားအပေါ် ဆက်သွယ်မေးမြန်းချက်

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပါရဂူဘွဲ့ သင်တန်းတက်ရောက်နေသူ ချင်းတိုင်းရင်းသား တစ်ဦးထံ လက်ရှိမြေပြင်အနေအထားအပေါ် ဆက်သွယ်မေးမြန်းချက်

ကူးစက်မြန် ပြင်းထန် ကိုရိုနာဗိုင်းရပ်စ် စတင် ကူးစက်ဖြစ်ပွားရာ ဒေသလို့ ယုံကြည်ထားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ရောက်ရှိနေသူ မြန်မာကျောင်းသား ဦးရေ ၆၀ ကျော်ကို ဆေးစစ်ပြီး မြန်မာပြည်ကို ပြန်လည်ပို့ဆောင်ဖို့ နှစ်ဖက်နိုင်ငံက ဆောင်ရွက်နေပါတယ်။

အဲဒီ မြန်မာကျောင်းသား ၆၀ ကျော်ထဲမှာ ဒေါက်တာဘွဲ့အတွက် ပါရဂူတန်း တက်ရောက်နေကြတဲ့ ချင်းတိုင်းရင်းသား ငါးဦး ပါဝင်နေပါတယ်။ အဲဒီထဲကမှ ကလေးတက္ကသိုလ်မှာ ဆရာတစ်ဦး ဖြစ်သလို Central China Normal University မှာ ရုက္ခဗေဒ သင်တန်းသား ဆရာ ဗန်ဗျက်လွယ်ထံ ချင်းဝေါလ် မီဒီယာက ဆက်သွယ်ပြီး လက်ရှိ မြေပြင်အနေအထားနဲ့ မြန်မာကျောင်းသားတွေရဲ့ အခြေအနေတွေကို မေးမြန်းထားပါတယ်။

Chin World - လက်ရှိတရုတ်ပြည်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စက အတော်လေး အခြေအနေဆိုးနေတယ်လို့ သိရတယ်။ မြန်မာပြည်ကနေ ကျောင်းသွားတက်နေတဲ့သူတွေ အခြေအနေ ဘယ်လိုရှိလဲဗျ?

ဆရာ ဗန်ဗျက်လွယ် - အရင်ဆုံးအနေနဲ့ ဒေသအသီးသီးကနေ မိတ်ဆွေသူငယ်ချင်းတွေက သတိတရနဲ့ ဆုတောင်းပေးကြတဲ့အပေါ် ကျေးဇူးတင်တယ်လို့ အရင်ဆုံး ပြောလိုပါတယ်။ ခု ဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လက်ရှိအခြေအနေကတော့ ဘာမှ ထူးခြားမှု မရှိသေးဘူး၊ ပုံမှန်အတိုင်း ရှိနေပါသေးတယ်။

Chin World - မြန်မာကျောင်းသားတွေ ပြန်လာဖို့ အစိုးရနှစ်ဖက် ညှိနှိုင်းနေတယ်လို့လည်း သိရတယ်။ ဘာ ထူးခြားမှု ရှိပြီလဲ?

ဆရာ ဗန်ဗျက်လွယ် - ကျွန်တော်တို့အနေနဲ့ကတော့ ဘာမှ လုပ်နိုင်တာ မရှိဘူး၊ အစိုးရအချင်းချင်း ဆက်သွယ်ပြီး လက်ရှိအခြေအနေကို လေ့လာသုံးသပ်နေကြတယ်၊ ဒါပေမဲ့ တာဝန်ရှိတဲ့ အစိုးရပိုင်းကတော့ သူတို့ တစ်စုံတစ်ရာ ဘာမှပြောဆိုတာ၊ အသိပေးတာ၊ ကြေငြာတာ မရှိသေးဘူး။ သူတို့ကိုပဲ ကျွန်တော်တို့ စောင့်နေကြတယ်။

Chin World - တရုတ်အခြေစိုက် မြန်မာသံရုံးကတော့ မြန်မာကျောင်းသားတွေနဲ့ အဆက်မပြတ် ဆက်သွယ်ပြီး အစားအသောက်တွေလည်း သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီး ပေးပို့ထားတယ်ဆိုပြီး ထုတ်ပြန်ချက် ထုတ်တဲ့အပေါ်မှာရော ?

ဆရာ ဗန်ဗျက်လွယ် - စားရေးသောက်ရေး အခက်မခဲမရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညိှနှိုင်းဆောင်ရွက်ပေးတယ်ဆိုတဲ့ဟာကတော့ ကျွန်တော်တို့ဆီ မရောက်သေးတာလား မသိဘူး၊ ဘာတစ်ခုမှ အသိပေးတာလည်း မရှိသေးဘူး၊ ကြားလည်း မကြားသေးဘူး။

Chin World - ကျန်းမာရေး စိစစ်ပြီး မြန်မာပြည် ပြန်ခေါ်နိုင်ဖို့ အစိုးရနှစ်ဖက် ညှိနှိုင်းနေတယ်ဆိုတဲ့ အပေါ်မှာရော ?

ဆရာ ဗန်ဗျက်လွယ် - မြန်မာပြည်ကို ပြန် မပြန်ဆိုတဲ့ဟာကတော့ ကျွန်တော်တို့အနေနဲ့ ဘာ မှပြောလို့ မရသေးဘူး၊ ဘာမှလည်း ပြောဆိုပိုင်ခွင့် မရှိဘူး၊ ကိုယ့်နိုင်ငံကိုယ့်ဒေသ၊ ကိုယ့်မိသားစု ဆွေမျိုးတွေနဲ့တော့ အကုန်လုံး နေချင်ကြတာပေါ့၊ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ။

Chin World - ဆရာ့အနေနဲ့ တစ်ခြားကျောင်းမှာ တက်နေတဲ့ မြန်မာပြည်က ကျောင်းသားကျောင်းသူ အခြေအနေ သိသလောက်လည်း ပြောပြပေးပါဦး။

ဆရာ ဗန်ဗျက်လွယ် - မြန်မာပြည်ကနေ ကျောင်းလာတက်တဲ့ ကျောင်းသူ ကျောင်းသား အခြေအနေကတော့ အကုန်လုံး တူနေတယ်၊ ဒါပေမဲ့ တချို့ ကျောင်းတွေကတော့ ကျောင်းကပဲ ထမင်းကျွေးပေးကြတယ်၊ ကျွန်တော်တို့ ကျောင်းမှာကတော့ အခုထိ အဲဒီလို လုပ်ပေးတာ မရှိသေးဘူး၊ ဝူဟန်မှာ နေတဲ့ ကျောင်းသူ ကျောင်းသားတွေကတော့ အခုထိတော့ ကျန်းကျန်းမာမာနဲ့ နေထိုင်ကြတယ်၊ ကျောင်းအပြင်ကိုတော့ ထွက်ခွင့် မပေးကြဘူး၊ တချို့ကျောင်းတွေမှာဆိုရင် သူတို့နေတဲ့ အဆောင်ကနေတောင် ထွက်ခွင့် မပေးကြဘူး၊ အဲဒီလိုပဲ ကျွန်တော်တို့လည်း ကိုယ့်အခန်းထဲမှာပဲ နေကြတယ်။

Chin World - ဆရာတို့ကျောင်းမှာ ချင်းလူမျိုး ဘယ်နှယောက်ရှိလဲ၊ ပြီးတော့ မြန်မာပြည်ဘက်ကရော တခြားတိုင်းရင်းသား ဘယ်နှယောက် ရှိကြလဲ ?

ဆရာ ဗန်ဗျက်လွယ် - ကျွန်တော်တို့ ကျောင်းမှာကတော့ ချင်းလူမျိုး ၃ ယောက် ရှိတယ်၊ မြန်မာပြည်ကဆိုရင်တော့ ၂၁ ယောက် ရှိတယ်၊ တချို့တွေက ကျောင်းပိတ်ရက်အတွင်း မြန်မာပြည်ကို ပြန်ကြတယ်၊ အကုန်လုံး ပေါင်းရင်တော့ ၃၉ ယောက် ရှိတယ်၊ အခု မပြန်တဲ့သူတွေကတော့ ကျောင်းပြီးမယ့်သူတွေရယ်၊ Experiment လုပ်မယ့်သူတွေရယ်ပဲ ကျန်တော့တယ်။

Chin World - မြန်မာပြည်ဖက်ကနေ တရုတ်နိုင်ငံမှာ ကျောင်းသွားတက်တဲ့သူတွေအတွက် အလွန် စိတ်ပူကြတယ်၊ အဲဒီအပေါ် တစ်ခုခု ပြောပြပေးစေလိုပါတယ်။

ဆရာ ဗန်ဗျက်လွယ် - ကျွန်တော်တို့ ပြန်လာမယ်ဆိုရင်လည်း နှစ်ဖက်အစိုးရရဲ့ အသိအမှတ်ပြုတဲ့ ကျန်းမာရေး စိစစ်မှုကို ခံယူမယ်၊ အဲဒါ အောင်မှသာ ပြန်လာနိုင်မယ်၊ အဲဒါထက် ပိုဆိုးရွားတာက အခု အစိုးရရဲ့ တရားဝင်မဟုတ်တဲ့ ခိုးပြီး တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ဝင်လာတဲ့သူ အများကြီး ရှိနေပြီ၊ အဲဒါတွေက ပို ကြောက်စရာ ကောင်းတယ်၊ ဥပမာ ပြောရရင် တချို့လေဆိပ်ရှိတဲ့ နေရာတွေပေါ့။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်စပ်ဖြစ်တဲ့ ရွှေလီတို့အတွက် ပိုပြီး သတိထားဖို့ အရမ်း လိုအပ်နေတယ်၊ ကျွန်တော်တို့ကတော့ လာပြန်ရင်လည်း အစိုးရနှစ်ဖက်က ခွင့်ပြုမှသာ လာပြန်မယ်။ အွန်လိုင်းက သတင်းအများတွေကို အကုန် မယုံဘဲ ကိုယ် နေထိုင်ရာအရပ်မှာ ကျန်းကျန်းမာမာနဲ့ ဂရုစိုက်ကြဖို့ အရေးကြီးပါတယ်။

.

Salai C.Lian ဆက်သွယ်မေးမြန်းသည်။

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...