နိုင်ငံခြားသား စီးနင်းလာသော ယာဉ်က စက်ဘီးနှင့် ဆိုင်ကယ်ကို ဝင်တိုက်၍ တစ်ဦး သေ၊ လေးဦး ဒဏ်ရာရ

နိုင်ငံခြားသား စီးနင်းလာသော ယာဉ်က စက်ဘီးနှင့် ဆိုင်ကယ်ကို ဝင်တိုက်၍ တစ်ဦး သေ၊ လေးဦး ဒဏ်ရာရ

ကရင်ပြည်နယ် မြဝတီမြို့တွင် ဇန်နဝါရီ ၂၄ ရက်  နံနက်ပိုင်းက နိုင်ငံခြားသားအမျိုးသမီးတစ်ဦး စီးနင်းလာသော မော်တော်ယာဉ်သည် ယာဉ်ကြောတစ်ဖက်မှ လာသော စက်ဘီး တစ်စီးနှင့် မော်တော်ဆိုင်ကယ် နှစ်စီးကို ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းသူ အမျိုးသား တစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက်(၇)နာရီအချိန်ခန့်က မြဝတီမြို့ အမှတ်(၅) ရပ်ကွက် ချစ်ကြည်ရေး လမ်းမကြီး တရုတ်ဘုံကျောင်းရှေ့တွင် မြို့ပြင်မှ မြို့တွင်း ဘုရင့်နောင်စျေးမီးပွိုင့်ဘက်သို့ ယာဉ်မောင်း မိုးမင်းထွန်း(၃၁)နှစ် မောင်းနှင်ပြီး တရုတ်နိုင်ငံသူ Taung Lihua (၅၀နှစ်) စီးနင်းလိုက်ပါလာသော Alphard အမျိုးအစား အဖြူရောင်ယာဉ်မှာ လားရာတူမှ စက်ဘီးစီးနင်းလာသူတစ်ဦးကို ဝင်တိုက်မိပြီး ထိုမှတဆင့် မျက်နှာချင်းဆိုင်ဘက်မှ ဆိုင်ကယ် (၂)စီးကိုပါ ဝင်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းသူများ ဖြစ်ကြသော မြဝတီမြို့နေသူ ဓိဋ္ဌာန်အောင်ဘုရားလမ်း အမှတ်(၄)ရပ်ကွက် ထွန်းထွန်းဇော်(၁၈)နှစ်မှာ မဲဆောက်ဆေးရုံအရောက်တွင် သေဆုံးခဲ့ပြီး ၊ အောင်စုပြည့်(၂၀)နှစ်မှာ ဒဏ်ရာတစ်ချို့ရရှိပြီး သတိလစ်မေ့မြောခဲ့သည်။ ထို့အပြင် အမှတ်(၃) ရပ်ကွက်၊ ငှက်ပျောတောရပ်တွင် နေထိုင်သူ ကျော်ဇေယျာ လင်း(၂၃)နှစ်၊ မနွေ အင်ကြင်း(၂၁)နှစ် နှင့် စက်ဘီးစီးသူ မျိုးမင်းဦး(၄၃) နှစ်တို့မှာ ထိခိုက်ဒဏ်ရာအသီးသီး ရရှိပြီး ဆေးဝါးကုသမှုခံယူနေရကြောင်း သိရသည်။

“ကားက တဖက်ယာဉ်ကြောကနေလာပြီး လားရာတူမှ စက်ဘီးတစ်စီးကို အရင်ဆုံး ဝင်တိုက်တယ်။ ပြီးတော့ ဒီဘက်ကိုရောက်လာလို့ ကျနော့်ဆိုင်ကယ်ကို လမ်းဘေးချပြီး အရှိန်လျှော့လိုက်တဲ့အချိန်မှာ ကျနော့် ဆိုင်ကယ်ကို ကျော်တက်လာတဲ့ ဆိုင်ကယ်နဲ့ကားအရင်တိုက်တယ်။ ပြီးတော့ ကျနော့် ဆိုင်ကယ်ကိုပါ ဝင်တိုက်တယ်”ဟု ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ် ရာရရှိပြီး မြဝတီပြည် သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသည့် ဆိုင်ကယ်မောင်းသူ ကျော်ဇေယျာလင်းက ပြောသည်။

ယာဉ်ကို မဆင်မခြင် မောင်းနှင်ကာ စက်ဘီးနှင့် ဆိုင်ကယ်ကို ဝင်တိုက်မိပြီး တစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိစေသည့်အတွက် Alphard ယာဉ်မောင်း မိုးမင်းထွန်းကို မြဝတီမြို့မရဲစခန်းက ယာဉ်(ပ)၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/ ၃၀၄(က) တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...