NLD ဥပဒေအကြံပေး၊ လွှတ်တော်ရှေ့နေ ဦးကိုနီ၏စျာပနသို့ဘာသာပေါင်းစုံက လူထောင်ပေါင်းများစွာ လာရောက်ပို့ဆောင်

NLD ဥပဒေအကြံပေး၊ လွှတ်တော်ရှေ့နေ ဦးကိုနီ၏စျာပနသို့ဘာသာပေါင်းစုံက လူထောင်ပေါင်းများစွာ လာရောက်ပို့ဆောင်
by -
မဇ္ဈိမ
ဇန်နဝါရီ(၂၉) ရက်၊ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အပြင်ဘက်တွင် သေနတ်သမားတစ်ဦး၏ အနီးကပ် ပစ်ခတ်လုပ်ကြံခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ စျာပနကို ဘာသာပေါင်းစုံမှ လူထောင််ပေါင်းများစွာ လာရောက် လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ဦးကိုနီ၏ ရုပ်အလောင်းကို ယနေ့ညနေ (၄)နာရီခန့်က ရေဝေးသုသာန်ရှိ ကာဗရ်စတာန်ဥယျာဉ်တွင် အစ္စလာမ်ဓလေ့ ထုံးစံနှင့်အညီ မြေမြှုပ်သဂြိုလ်ခဲ့သည်။ မြန်မာနိုင်ငံ၏ တရားရေးမဏ္ဍိုင်ကို   ပြုပြင်ပြောင်းလဲရေးလုပ်နေသည့် အချိန်တွင် ဦးကိုနီဆုံးပါးခဲ့ခြင်းသည် မြန်မာနိုင်ငံတရားရေးလောကအတွက် ကြီးမားသည့်နစ်နာဆုံးရှုးံမှုဖြစ်ကြောင်း လွတ်လပ်သောရှေ့နေများအဖွဲ့ ၏ ဒုတိယဥက္ကဌ ဦးနေလ ကပြောသည်။

''တရားစီရင်ရေးပြောင်းလဲရေးကို ဦကိုနီက လုပ်နေတာ၊ အန်ကယ်နဲ့လည်း တွဲပြီးတော့ လုပ်နေကြတာ။ ဒါကြောင့် ဦးကိုနီ ဆုံးရှုံးမှုဟာ တရားဥပဒေစိုးမိုးမှုအတွက် အမဲစက်ဖြစ်သလို ဦးကိုနီရဲ့ အကူညီ ဆောင်ရွက်ချက်တွေအားလုံး မရဘဲဆောင်ရွက်ရတော့မယ်ဆိိုှရင် ဒါဟာ ဘယ်လိုမှပြောမပြနိုင်တဲ့ နစ်နာဆုံးရှုံးမှု တစ်ခုလို့ပဲ အန်ကယ်ပြောရမှာ" ဟု ဦးနေလ ကပြောသည်။

စျာပနကို ရဟန်းသံဃာတော်အချို့လည်းတက်ရောက်ခဲ့ကြသည်။ ဦးကိုနီလုပ်ကြံခံရမှူနှင့် ပတ်သတ်ပြီး လူမှု ကွန်ယက်စာမျက်နှာများတွင် အမုန်းစကားဖြစ်စေသည့်ရေးသားမှုများ မပြုလုပ်ကြရန် သံဃာတော်တစ်ပါးက တိုက်တွန်းသွားခဲ့သည်။

"မီးလောင်ရာ လေပင့်တွေမလုပ်ကြပါနဲ့။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ကြီးဟာ အနောက်ဘက်က ၀င်တိုက် လိုက် အရှေ့ဘက်က ၀င်တိုက်လိုက်နဲ့ နေရာတကာမှာ ဆုံးရှုံးမှုတွေများနေတယ်"ဟု   မောင်းထောင်ကျောင်းတိုက်မှ ဥူးနန္ဒဝံသ ကမိန့်သည်။

ဦးကိုနီ၏ စျာပနတွင် ဘာသာပေါင်းစုံမှလူငယ်များက "ငါတို့အားလုံးဟာ မြန်မာ" ဆိုသည့်စကားကို သံပြိုင် ကြွေးကြော်ခဲ့ကြသည်။ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည့် ဦးတင်ထွန်းက ပြည်တွင်းပြည်ပ အကြမ်းဖက်မှု မှန်သမျှကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချကြောင်းနှင့် မြန်မာနိုင်ငံသားဖြစ်ရသည့် အစ္စလာမ်ဘာသာဝင် တစ်ယောက်၏ခံယူချက်ကို ပြောသည် ။

"ကျွန်တော်တို့က မြန်မာတွေပဲ။ အလ္လာဟ်ကို ယုံကြည်တာကလွဲရင် ကျန်တာ အားလုံးက မြန်မာစိတ်ဓါတ်ပါပဲ။ မြန်မာကိုထိရင်မခံဘူး။ မြန်မာနဲ့ပတ်သတ်လာရင် အသက်သွေးတွေစွန့်လွှတ်ဖို့ ၀န်မလေးဘူး" ဟု ဦးတင်ထွန်းက ပြောသည်။

ဦးကိုနီ၏စျာပနကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် ဗဟိုကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂကိုယ်စားလှယ်နှင့်   နိုင်ငံတကာသံအမတ်ကြီးများ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် ဘာသာရေးအဖွဲ့အစည်းအချို့အပါအဝင် တာဝန်ရှိများတက်ရောက်ခဲ့ကြသည်။

ဦးကိုနီ၏ စျာပနအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်အဝချထားပေး ထားသည်ကို တွေ့ရသည်။ ဦးကိုနီအသတ်ခံရခြင်းနှင့် ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ရန် လုံခြံုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း တပ်မတော်က ယနေ့တွင် သတင်းထုတ်ပြန် ထားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...