နှစ် ၂၀ ကျော်က စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်း ဗီဒီယို ရှမ်း လူမှု အဖွဲ့အစည်းများ ထုတ်ပြန်

နှစ် ၂၀ ကျော်က စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်း ဗီဒီယို ရှမ်း လူမှု အဖွဲ့အစည်းများ ထုတ်ပြန်

ရှမ်းပြည်နယ်အတွင်း မြန်မာအစိုးရတပ်မတော်က ၁၉၉၆ မှ ၁၉၉၉ ခုနှစ်များအတွင်း ဖြတ် ၄ ဖြတ်စီမံကိန်း နှင့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများကို မှတ်တမ်းတင်ထားသည့် “ဖြတ် ၄ ဖြတ်” ဟု အမည်ပေးထားသော ရုပ်သံမှတ်တမ်းကို ရှမ်းလူမှုအဖွဲ့အစည်းများက ဇန္နဝါရီလ ၂၂ ရက်တွင် ထုတ်ဖော် ပြသလိုက်သည်။

မြန်မာနိုင်ငံကို အပြည်ပြည် ဆိုင်ရာ တရားရုံးတွင် ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု ဆိုကာ ကန့်သတ်ချက်များ ချမှတ်ရန်နှင့် အပြစ်ပေး အရေးယူရန် ဂမ်ဘီယာ နိုင်ငံက တောင်းဆိုထားပြီး မနက်ဖြန် ဇန္နဝါရီလ ၂၃ ရက်တွင် ICJ က ကန့်သတ်မှုများနှင့် ပတ်သက်သည့် အမိန့်ချမှတ်ရန် ရှိနေချိန်တွင် ဤမှတ်တမ်း ထွက်ပေါ် လာခြင်းဖြစ်သည်။

ရှမ်းလူမှု အဖွဲ့အစည်းများ၏ ပြောရေး ဆိုခွင့်ရှိသူ စိုင်းလျန်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇန္နဝါရီလ ၂၁ ရက်နေ့ည ၈ နာရီက အဖွဲ့အစည်းအသီးသီး နှင့် သတင်းမီဒီယာများကို ဖိတ်ခေါ်ပြသရသည့် ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။

"အဲဒါက စစ်တပ် စစ်တပ်ချင်း တိုက်တာနော်၊ တော်လှန်ရေး နဲ့ စစ်တပ်နဲ့ တိုက်တယ်ဆိုတာ ဒါ လက်နက်ကိုင် သူ အချင်းချင်း တိုက်တာ ဒါကတော့ သဘာ၀ ကျပါတယ်နော်၊ ဒါပေမယ့် အခု ဒီဥစ္စာ တွေက အဲ့ဒီလိုမျိုး ပုံစံမျိုးတင်မကပဲနဲ့ ပြည်သူလူထုကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ကြောက်ရွံ့သွားအောင် ထိခိုက်သွားအောင်လို့ လုပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ သူတို့ လုပ်တယ်ဆိုတာကို ကမ္ဘာကသိသွားအောင် နောက် ဗမာပြည်လူထုတွေလည်း တကယ်အမှန်တရားကို သိသွားအောင် ဒီ VDO ကို တင်ဆက်တယ်လို့ ပြောချင်ပါတယ်"

ဖြတ် ၄ ဖြတ် ဟု အမည်ပေးထားသော ဒီရုပ်သံမှတ်တမ်းတွင် ရှမ်းပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေး ဖြတ်လေးဖြတ် စီမံကိန်းကြောင့် ရပ်ရွာနေအိမ်များနှင့် လယ်ယာခြံမြေများကို ဒေသခံ ပြည်သူများ စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ အခြေအနေများ၊ စစ်တပ်မှ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုများ အပါအဝင် ဒေသခံ ပြည်သူများ သတ်ဖြတ်နှိပ်စက်ခံရမှုများကို ကိုယ်တိုင်ကြုံတွေ့ရသူများနှင့် မျက်မြင်သက်သေများကို မေးမြန်းတင်ပြထားခြင်း ဖြစ်သည်။

ယမန်နေ့က နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ရှမ်းလူမှု အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် တပ်မတော်ဘက်မှ ရပ်တည်ပြီး လူမျိုးသုဉ်း သတ်ဖြတ်ခြင်း မဟုတ်ကြောင်း၊ အကြမ်းဖက်သမားများ သို့မဟုတ် သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့များကို တပ်မတော်က ရှင်းလင်းခြင်း သာဖြစ်ကြောင်း ကာကွယ်ပြောဆိုထားခြင်းကို ထောက်ပြထားသည်။

ထို့အပြင် ယခု ထုတ်ပြန်သော ဗီဒီယို မှတ်တမ်းအတွင်းတွင် ၁၉၉၆ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ ကွန်ဟိန်းမြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စုက ကျေးရွာအားလုံးကို ကွန်ဟိန်းမြို့အနီးကို အဓမ္မပြောင်းရွှေ့ခိုင်းခံရချိန်တွင် ရွာသူရွာသားများက ကျန်ရစ်သော ဆန်များကို နွားလှည်းများဖြင့် သွားပြန်သယ်ချိန်တွင် အမျိုးသမီးတစ်ဦး နဲ့ ကလေးငယ် တစ်ဦးသာ ပြန်လည်လွတ်မြောက်လာပြီး ကျန်သော ရွာသား ၂၇ ယောက်လုံး အသတ်ခံခဲ့ရကြောင်းကိုလည်း ဒေသခံရွာသားတစ်ဦးက ရှမ်းဘာသာနဲ့ ဖြစ်ပျက်ခဲ့တဲ့ နေရာကို ပြသပြောဆိုထားသည်။

"နောက် လူ ၂၇ ယောက်ပါ ကျေးရွာသားတစ်စုကိုလည်း ဆိုင်းခေါင်ရွာနားမှာပဲ ပစ်သတ်ခဲ့ကြပါတယ်၊ အဲ့ဒီအနက်မှ သားအမိ ၂ ယောက်ပဲ လွတ်သွားပါတယ်၊ နေ့အတိအကျတော့ ကျနော် မမှတ်မိပါဘူး၊ ၁၉၉၆ တုန်းကပေါ့၊ ကျနော်တို့ ၃-၄ ယောက် အတူတူလာတာ၊ ဗမာတပ်ကနေ လူတွေကို အစုလိုက် အပြုံလိုက် သတ်ထားတယ်ဆိုလို့၊ သတ်ခံရတဲ့သူတွေက ဆာလာရွာသူရွာသားတွေ၊ ဒီရေတံခွန်ရဲ့ အောက်ဘက်နားမှာရှိတယ်၊ သူတို့က သူတို့ရွာကိုပြန်လာပြီး ဆန်တွေ၊ စပါးတွေ ပြန်ယူဖို့ လာကြတာလေ။ လူအင်အား ၃၀ လောက်ရှိမယ်၊ ဗမာစစ်သားတွေ သူတို့ကိုတားပြီး ဒီလမ်းကြားထဲမှာ သတ်ပစ်တာ၊ အဲ့ဒီတုန်းက ဒီနားလေးတွေမှာ အလောင်း ၁၉ လောင်းတွေ့တယ်၊ အလောင်းတွေက ဒီအပင်နားတွေမှာ သေနေတာ ငုတ်တုတ်၊ ရိုက်တယ်၊ ပစ်သတ်တယ်၊ အဲ့လိုပုံစံတွေနဲ့ ဘဲတွေ့ရတယ် လူသေအလောင်းတွေ"

တဆက်တည်းမှာပင် ၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ် အတွင်း ရှမ်းပြည်တောင်ပိုင်း နဲ့ အရှေ့ပိုင်းက မြို့နယ်တချို့အပါအဝင် မြို့နယ် ၁၅ ခုက ကျေးရွာပေါင်း ၁၈၀၀ ကျော်ရှိ လူဦးရေ လေးသိန်းလောက် ထိခိုက်နစ်နာခံရပြီး ရှမ်းပြည်သူလူထု တစ်ထောင်ကျော် ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခံကြရသကဲ့သို့ စစ်တမ်းကောက်ယူချက်များအရ အမျိုးသမီး ၆၂၅ ဦး မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ကြရကြောင်းလည်း ထုတ်ပြန်ထားသည်။

ရှမ်းလူမှုအဖွဲ့အစည်းများသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် မြန်မာအစိုးရ စစ်တပ်အား အပြည်ပြည်ဆိုင်ရာ ဥပဒေအရ အရေးယူမှုကို ထောက်ခံကြောင်းနှင့် တိုင်းရင်းသား လူမျိုးများအပေါ် ဆယ်စုနှစ်များစွာကြာအောင် ရက်စက်ကြမ်းကြုတ်စွာ ပြုကျင့်နေသော မြန်မာစစ်ခေါင်းဆောင်များအား တရားမျှတမှု ဖော်ထုတ်ပေးရန် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...