AA တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး ဖမ်းဆီးရမိဟု တပ်မတော်ထုတ်ပြန်

AA တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး ဖမ်းဆီးရမိဟု တပ်မတော်ထုတ်ပြန်

မြတ်ဆွေ — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)မှ တပ်ကြပ်ကြီး အဆင့်ရှိသူတစ်ဦးကို ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့်က နယ်မြေခံတပ်ရင်းအနီး မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် မြောက်ဦးဘက်မှ မင်းပြားဘက်သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ် မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ကျော်မင်းနိုင်(ဘ) ဦးရွှေစိန်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းကိုင်ဆောင်သည့် ဖုန်းတစ်လုံးအတွင်း AA နှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ ထပ်မံစစ်ဆေးမေးမြန်းချက်အရ ၎င်းမှာ AA မှ တပ်ကြပ်ကြီး အဆင့်ရှိသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုကျော်မင်းနိုင်မှာ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာမှဖြစ်ပြီး ဖုန်းတစ်လုံးဝယ်ရန်အတွက် မြောက်ဦးမြို့သို့သွားခဲ့သည်။ ထို့နောက် ကျောက်တော်မြို့နယ်သို့ ပြန်လာစဉ် ခမရ (၅၄၀)တပ်ရင်းအနီးတွင် ဇန်နဝါရီလ ၁၈ ရက်နေ့၊ ညနေပိုင်းက တပ်မတော်၏ ဖမ်းဆီးမှုခံရသည်ဟု မိခင်ဖြစ်သူ ဒေါ်သန်းသန်းနုက DMG သို့ပြော သည်။

 “ဖမ်းဆီးထားတာက ပြီးခဲ့တဲ့ စနေနေ့(ဇန်နဝါရီလ ၁၈ရက်) ညနေ ၄ နာရီကတည်းကဆိုတော့ ဒီနေ့နဲ့ဆိုရင်သုံးရက်ရှိပါပြီ။ ခုထိ ဘာသတင်းမှလည်း မသိရသေးပါဘူး။ ကျမတို့တွေလည်း အရမ်းစိုးရိမ်နေကြရပါတယ်။ ဒါကြောင့် အဆင်ပြေမယ်ဆိုရင်တော့ ဘာမှမလုပ်ထားတဲ့ ကျမသားလေးကိုတော့ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ် “ဟု မိခင်ဖြစ်သူက ယနေ့ ပြောသည်။

တပ်မတော်နှင့် မိသားစု၏ ပြောဆိုထုတ်ပြန်ချက်များမှာ ရက်ကွဲလွဲမှုရှိနေသည်ကို တွေ့ရသည်။

အဆိုပါ ဖမ်းဆီးရမိသူအား မြောက်ဦးမြို့မ ရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...