ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်ကျေးရွာတွင် ဇန်နန်ဝါရီလ ၂၀ ရက်၊ နံနက် ၄ နာရီခန့်က ကျည်ဆန်ထိမှန်မှုကြောင့် အသက်(၇) နှစ်အရွယ် မွတ်ဆလင်အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။
ဒဏ်ရာရရှိသူမှာ မဇိုင်နူကာ ဆိုသူဖြစ်ပြီး မိမိနေအိမ်တွင် အိပ်နေစဉ် ကျေးရွာအနီးရှိ သုံးဆယ့်တစ်ဘုံ စေတီဘက်မှ ပစ်ခတ်လိုက်သည့် ကျည်ဆံကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
“ဘယ်သူပစ်တာလဲတော့ မပြောတတ်ဘူး။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ၃၁ ဘုံဘက်ကပစ်တာဖြစ်တယ်။ ၃၁ ဘုံမှာက တပ်က တပ်စွဲထားတာပဲရှိတယ်” ဟု ဖခင်ဖြစ်သူ ဦးရော်ဖိ က ပြောသည်။
မဇိုင်နူကာမှာ ဘယ်ဘက်ခြေထောက် ဒူးဆစ်အောက်တွင် ဒဏ်ရာရရှိသွားသောကြောင့် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ထားရသည်။
သုံးဆယ့်တစ်ဘုံစေတီတွင် တပ်မတော်က တပ်စွဲထားသည်ဟု ပြောဆိုချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးလုပ်နေသည်ဟု ပြောဆိုသောကြောင့် တုန့်ပြန်ချက်မရရှိခဲ့ပေ။
အဆိုပါကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၉ နှစ်အတွင်းက ကျည်ထိမှန်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးသွားကာ အသက် (၆၀)ကျော်အမျိုးသမီးတစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိသွားသည်။







