ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းများ ချင်းပြည်နယ်အတွင်း အခြေချလှုပ်ရှားမှု လုံးဝ မပြုလုပ်ရန် CNF တောင်းဆို

ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းများ ချင်းပြည်နယ်အတွင်း အခြေချလှုပ်ရှားမှု လုံးဝ မပြုလုပ်ရန် CNF တောင်းဆို
by -
ခိုနူမ်းထုန်
ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း အခြေချလှုပ်ရှားမှုများ လုံးဝမပြုလုပ် ရန် ချင်းအမျိူးသားတပ်ဦး CNF က ယနေ့တောင်းဆိုလိုက်သည်။

CNF ဗဟိုဌာနချူပ် ၀ိတိုရိယစခန်းတွင် ယခုလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သော ချင်းအမျိူးသားတပ်ဦး ၏ဆဌမအကြိမ်ညီလာခံသက်တမ်း၊ ဒုတိယအကြိမ်ဗဟိုကော်မတီအစည်းအဝေးအပြီးတွင် ကြေညာချက်တစ်စောင်ထုတ် ပြန်ကာ ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

CNF အထွေထွေအတွင်းရေးမှူး ဆလိုင်း Thla Hei က”မနှစ်တုန်းက ဗဟိုကောမတီရဲ့ထုတ်ပြန်ချက်မှာလည်းတောင်းဆိုပြီးပြီ အခု ပလက်ဝမြို့နယ်မှာ ရှိနေသေးတယ်လို့ သတင်းတွေကြားနေရတယ် ဒေသခံပြည်သူတွေကိုလည်း နှောက်ယှက်မျိုးမျိုးပေးနေတယ် ဒါကြောင့် အမြန်ဆုံးပလက်ဝမြို့နယ်ကနေထွက်ပေးဖို့ ဆက်လက်တောင်းဆိုနေတာဖြစ်တယ်” ဟု ပြောသည်။

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်နှင့် အိန္ဒိယ-မြန်မာနယ်စပ်အနီးတဝိုက်သည် ရခိုင်လက်နက်ကိုင်များဖြစ်ကြ သော ရခိုင့်တပ်မတော်(AA) နှင့် ရခိုင်လွှတ်မြောက်ရေးတပ်မတော်( ALA) တို့မှ ခြေကုပ်ယူလှုပ်ရှားသည့်နေရာဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်တပ်ဖွဲ့တို့ ပလက်ဝမြို့နယ်အတွင်း မကြာခဏ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် ပလက်ဝမြို့နယ် ပြင်စိုးကျေုးရွာမှ ဒေသခံ ချင်းပြည်သူ ၃၇၀ နီးပါးခန့် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ယနေ့ချိန်ထိ နေရပ်မပြန်နိုင်ကြသေးပေ။ ထို့အပြင် ဒေသခံပြည်သူများအား ရှေ့တမ်းတွင် လမ်းပြအဖြစ်ခေါ်ဆောင်လေ့ရှိပြီး၊ မြေမြှပ်မိုင်းများနင်းမိခြင်းကြောင့် အသက်ဆုံးရှုံးမှုများလည်းရှိခဲ့သည်။

ချင်းပြည်နယ်ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့(Chin Peace and Tranquility Committee (CPTC) ခေါင်းဆောင် Rev. Tluang Ceu က ရခိုင်လက်နက်ကိုင်တပ်ဖွဲ့များ ချင်းပြည်နယ်အတွင်း လှုပ်ရှားမှုများကြောင့် ချင်းပြည်နယ်၏ ငြိမ်းချမ်းဖြစ်စဉ်ကို ထိခိုက်စေသည်ဟု ပြောသည်။

“CNF နဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ကောင်းပါတယ်၊ ဒါပေမယ့် ပလက်ဝဘက်မှ AA တွေက လှုပ်ရှားတဲ့အခါမှာ CNF အတွက်ပဲဖြစ်ဖြစ် အစိုးရအတွက်ပဲဖြစ်ဖြစ်တော်တော်လေးကို အနှောက်ယှက်ဖြစ်ပါတယ်” ဟု သူကပြောသည်။

၀ိတိုရိယဗဟိုဌာနချူပ်တွင် ၅ ရက်တာကျင်းပပြုလုပ်သော CNF ဗဟိုကော်မတီအစည်းဝေးတွင် တစ်နှစ်တာလုပ်ငန်းများ ပြန်သုံးသပ်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်ခဲ့ကြသည်ဟုသိရသည်။

အမျိူးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ချင်းအမျိူးသားတပ်ဦး၊ ပြည်နယ်အစိုးရ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများနှင့် စုပေါင်းပြီး လာမည့် ဖေဖော်ဝါရီအတွင်း ကျင်းပပြုလုပ်နိုင်ရေးကြိုးပမ်းသွားမည်ဟု သိရသည်။

ထို့အပြင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်မည်ကို စိုးရိမ်ရပြီး သက်ဆိုင်ရာများအနေဖြင့် နိုင်ငံရေး ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့်သာ တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းသည်ဟု ၎င်းတို့ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...