မြောက်ဦးရှေးသု ညွှန်ကြားရေးမှူး ဦးညိမ်းလွှင်က “ ဒီလ ၃၀ ရက်နေ့ သူတို့အဖွဲ့ စစ်တွေကို ရောက်ပါမယ်။ ၃၁ ရက်နေ့ မြောက်ဦးကို လာပါမယ်။ အရှေ့တောင်အာရှတာဝန်ခံ၊ ဘန်ကောက်တာဝန်ခံနဲ့ မြန်မာနိုင်ငံက UNESCO တာဝန်ခံတို့လာမှာပါ” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
လာရောက်မည့် အကြောင်းမှာ မြောက်ဦးအား UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရန် ကနဦး လာရောက် လေ့လာသည့် ခရီးစဉ် ဖြစ်ကြောင်း ဦးညိမ်းလွှင်က ပြောဆိုသည်။
“ မြောက်ဦးကိုကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်သွင်းဖို့အတွက် ကြိုတင်ပြင်ဆင်ခြင်းဆိုတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ တရုတ်ကိုယ်စားလှယ်အဖွဲ့က လွန်ခဲ့တဲ့ ၂၁ ရက်နေ့က မြောက်ဦးကို ရောက်ပါတယ်။ မြောက်ဦးရောက်ပြီးတော့မှ 3D ဒိုင်မေးရှန်း ဆိန်းကန်းနိမ်း ‘ (3D Dimension Scanning) ရိုက်တဲ့ဟာတွေ၊ နောက်ပြီးရင် ကောင်းကင်ဓါတ်ပုံရိုက်တဲ့ဟာတွေလုပ်သွားပါပြီ။ မနေ့ပြန်သွားပါတယ် ။ အဲဒါ ယူနစ်စကို ရဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့ပါ။ အခု နောက်ထပ်လာမှာက ယူနစ်စကို ရဲ့ တာဝန်ခံအဖွဲ့ဖြစ်ပါတယ်” ဟု ဦးညိမ်းလွှင်ကပြောဆိုသည်။
ဇန်နဝါရီ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့ထိ လာရောက်ခဲ့သော တရုတ်ပညာရှင် အဖွဲ့သည် မြောက်ဦးကို 3D ဒိုင်မေးရှန်း လုပ်ပြီး ပုံဖော်သွားကြောင်း၊ ကောင်းကင် မြေပုံရိုက်သွားကြောင်း၊ မြောက်ဦးရဲ့မြေပုံကိုလဲ ရေးဆွဲသွားကြောင်း သူက ပြောသည်။
“ အခုလာမယ့် အဖွဲ့က Head ဘဲ။ ဆုံးဖြတ်ချက်ချတဲ့ Decision Maker ဘဲ၊ ပြောရရင်တော့ မြောက်ဦးကို ၂၀၁၇ မှာ ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် ၀င်ဖို့အတွက် စတင်ပြီလို့ပြောလို့ရတယ်။ ဒီတရုတ် ကျွမ်းကျင် ပညာရှင် အဖွဲ့လည်း သင်္ကြန်ပြီးရင် ဧပရယ်လ ရှေ့မှာ တစ်ခါ နှစ်ပတ် ထပ်လာဦးမယ်” ဦးညိမ်းလွှင်က အသေးစိတ် အစီအစဉ်များကို ပြောကြားသည်။
ယခုအစီအစဉ်မှာ မြောက်ဦးတစ်ခုလုံးကို UNESCO ၀င်ရန် လုပ်ဆောင်မည့် အစီအစဉ်ဖြစ်ကြောင်း၊ ရှစ်သောင်းပုထိုးတော်ရှိ အနန္ဒစန္ဒြရကျောက်စာ တစ်ခုတည်းကို သွင်းမည်မှာ သက်သက်ဖြစ်ကြောင်း၊ ၎င်းကို ကုသိုလ်တော်ကျောက်စာ၊ ရာဇကုမာရ်ကျောက်စာတို့လို Memory of the world အဖြစ် သွင်းမှာ ဖြစ်ကြောင်း၊ ၎င်းအတွက်လည်း သီးသန့် Propose အဆိုပြုရမှာ ဖြစ်ကြောင်း၊ မြောက်ဦးအတွက်လည်း သီးသန့်ရေးရမည် ဖြစ်ကြောင်း၊ စိန်ခေါ်မှုများလည်း များစွာရှိနေကြာင်း သူက ပြောကြားသည်။
“ စိန်ခေါ်မှုတွေကတော့ အများကြီးဘဲ။ အဓိကတော့ ပြည်သူတွေ သိရှိနားလည်အောင် ပြောရမယ့် အလုပ်ဟာ အခက်အခဲဆုံး ဖြစ်တယ်ဗျာ။ UNESCO ၀င်အောင် ဘယ်လို လုပ်ရမယ်၊ ဘာတွေ မလုပ်ရဘူးဆိုတာကို ပြည်သူတွေ လိုက်နာအောင်လုပ်ဖို့ အခက်အခဲဆုံးပါ။ ပြည်သူတွေက သူတို့ရဲ့ လောဘကြောင့် ဟိုတည်ဆောက်ချင်တယ်၊ အိမ်ဆောက်ချင်တယ်၊ တိုက်ဆောက်ချင်တယ် ၊ ဟိုဟာလုပ်ချင်တယ် ၊ ဒီဟာလုပ်ချင်တယ်။ ဒီနားလေးမှာ လုပ်ချင်တယ်။ ဒီအထဲမှာ လူလည်းပါတယ်၊ ရဟန်းသံဃာတွေလည်းပါတယ်၊ ပုထုဇဉ် အကုန်ပါတယ်ပေါ့ဗျာ။ ဆိုတော့ အဲ့ဒီပြသနာကိုဖြေရှင်းရမဲ့ ကိစ္စကတော့ အဓိကဖြစ်လာတယ်။ ဒါကိုကျော်လွှားဖို့မလွယ်ဘူး” ဟု ဆိုသည်။
သို့သော်လည်း မြောက်ဦးလူထုနှင့် ပူးပေါင်းပြီး မြောက်ဦးကို UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးစားရမည် ဖြစ်ကြောင်း၊ လူထုက ပူးပေါင်းဆောင်ရွက်လျှင် နှစ်အနည်းငယ် အတွင်း အောင်မြင်မှု ရနိုင်ကြောင်း ဦးညိမ်းလွှင်က ဆိုသည်။
UNESCO အဖွဲ့သည် ရခိုင်ပြည်နယ် သို့ ရောက်ရှိလာစဉ် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ သက်ဆိုင်ရာ ၀န်ကြီးများ၊ ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံမည်ဟု သိရှိရသည်။







